The network connection is lost.

Banner Image

အာဆင်နယ်ပစ်မှတ်ရဲ့အေးဂျင့်နဲ့ဆွေးနွေးနေတဲ့ ယူနိုက်တက်

သတင်းတွေအရ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းနေရာအတွက် အာဆင်နယ်ပစ်မှတ် လိုက်ပ်ဇစ်စတား ဆက်စ်ကိုရဲ့အေးဂျင့်နဲ့ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဇန်နဝါရီတုန်းက အာမိုရင်လက်အောက်မှာ ပထမဆုံးခေါ်ယူမှုအဖြစ် ဒိုဂူကို ခေါ်ယူခဲ့ပါတယ်။ အခုနွေရာသီမှာ ယူနိုက်တက်တာဝန်ရှိသူတွေက အာမိုရင်ကို ထောက်ပံ့ပေးဖို့ ပြင်ဆင်နေပြီး လိုအပ်တဲ့လူအင်အားဖြည့်တင်းမှုတွေပြုလုပ်မှာဖြစ်ပါတယ်။

ဇီကာဇီး နဲ့ ဟွိုက်လန်းတို့ရှိနေပေမယ့်လည်း ယူနိုက်တက်ဟာ လာမယ့်နွေမှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူချင်နေဆဲဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ပစ်မှတ်ထဲမှာ အစ်ဝှစ်စတား ဒီလက်ပ်လည်း ပါဝင်နေပြီး  ပေါင်သန်း ၃၀ လောက်နဲ့ခေါ်ယူနိုင်တာဖြစ်ပါတယ်။ မန်ချက်စတာညနေခင်းသတင်းဌာနကတော့ ယူနိုက်တက်ဟာ ဆက်စ်ကိုရဲ့အေးဂျင့်နဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဆက်စ်ကိုကို ခေါ်ယူချင်တယ်ဆိုရင် ယူနိုက်တက်အနေနဲ့ ပေါင်သန်း ၆၀ လောက်အသုံးပြုရဖွယ်ရှိနေပြီး အာဆင်နယ်နဲ့ အားပြိုင်ရဖို့များနေပါတယ်။ လိုက်ပ်ဇစ်စတားကို ယူနိုက်တက် ၊ အာဆင်နယ်တို့အပြင် ချဲလ်ဆီး နဲ့ တော့တင်ဟမ်တို့ကလည်း စိတ်ဝင်စားနေပါတယ်။

ဆလိုဗေးနီးယားအသင်းအတွက် ၄၁ ပွဲအထိ ပါဝင်ကစားပေးထားတဲ့ ဆက်စ်ကိုဟာ ဥရောပရဲ့အလားအလာအရှိဆုံးလူငယ်တိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဆဲလ်ဘတ်စတားဟောင်းဟာ ဒီရာသီလိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၂၀ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပြီး အသင်းကို အဆင့် ၄ နေရာမှာ ရပ်တည်နိုင်အောင်စွမ်းဆောင်ပေးထားနိုင်ပါတယ်။

လိုက်ပ်ဇစ် နဲ့ ဆက်စ်ကိုတို့ကြား စာချုပ်သက်တမ်းက ၂၀၂၉ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဆက်စ်ကိုရဲ့အေးဂျင့် ဘာဆာနိုဗစ်ကတော့ သူ့ကစားသမားကို အာဆင်နယ်က ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ခြင်းမပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာဆာနိုဗစ်က ဆက်စ်ကိုအနေနဲ့ စွယ်စုံရတာကြောင့် ပရီးမီးယားလိဂ်က ဘယ်အသင်းမှာမဆိုကန်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“အဲ့အကြောင်း ခင်ဗျားအနေနဲ့ မစ္စတာအာတီတာကို မေးသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဆက်စ်ကိုအနေနဲ့ ဘယ်အသင်းမှာမဆို အံဝင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ မတူညီတဲ့စွမ်းဆောင်ရည်ရှိနေပါတယ်။ သူက တိုက်စစ်မှာတစ်ဦးတည်းကစားနိုင်သလို တိုက်စစ် ၂ ဦး ၊ နောက်ချန်တိုက်စစ် ၊ အမြင့်ဘော ၊ အလျင်နှုန်း ၊ နည်းစနစ်ပိုင်းအကုန်ရပါတယ်။ အဲ့မေးခွန်းကို ကျွန်တော် မဖြေနိုင်ပါဘူး။ ဆက်စ်ကိုက တကယ်တောက်ပနေပါတယ်။ ဒါက တိုးတက်လာတဲ့အနေအထားတွေလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ တိုးတက်လာတယ်ဆိုတာကို အတိတ်ကာလတုန်းက ပြသပြီးပါပြီ။ကျွန်တော်တို့ဆုံးဖြတ်ချက်က နောက်တစ်ဆင့်တက်ဖို့ပါ။ လိုက်ပ်ဇစ်မှာဆက်နေဖို့ ဆုံးဖြတ်ခဲ့တာက မှန်ပါတယ်။ ၆ လအကြာမှာ ကျွန်တော့်ကစားသမားက အရင်ရာသီတုန်းကထက် ပိုကောင်းလာခဲ့ပါပြီ။ အတွေ့အကြုံပိုင်းပဲလိုအပ်တော့တာပါ။ အဲ့တာကလည်း သူ့အသက်က ၂၁ နှစ်ပဲရှိသေးတယ်ဆိုတာကို မမေ့သင့်ပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့နွေရာသီတုန်းက ပရီးမီးယားလိဂ်ကို မသွားချင်ခဲ့တာပါ”လို့ ဘာဆာနိုဗစ်က ပြောကြားခဲ့ပါတယ်။