ဂိုးသွင်းခွင့် လွဲချော်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် "တုံးအပြီး မိုက်မဲခဲ့တယ်" လို့ ဝေဖန်လိုက်တဲ့ လီယမ်ဒီလပ်
ချဲလ်ဆီးတိုက်စစ်မှူး လီယမ်ဒီလပ်က သောကြာနေ့ည ဟားစီးတီးကို အနိုင်ရတဲ့ အက်ဖ်အေဖလားပွဲမှာ ဂိုးသွင်းခွင့်တစ်ခုကို အလဟဿ ဖြုန်းတီးမိခဲ့တာကြောင့် သူ့ကိုယ်သူတုံးအတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။
အဲ့ဒီပွဲမှာ ချဲလ်ဆီးအသင်းက ၄-၀ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး ပက်ဒရိုနက်တိုကလည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။
ဒီလပ်လည်း ဂိုးသွင်းခွင့်ရခဲ့ပေမဲ့ ကန်ချက်က ဂိုးဘားတန်းထိခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ ဘောလုံးက ဂိုးစည်းကျော်သွားတယ်ထင်ပြီး စောစီးစွာ အောင်ပွဲခံလိုက်တာကြောင့် ပြန်ကျလာတဲ့ ဘောလုံးကို ဂိုးထဲ ပိတ်မသွင်းနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ဒီလပ်က "တကယ်ပါ။ ဂိုးဝင်သွားပြီလို့ ထင်ပြီး ကျွန်တော်တောင် အောင်ပွဲခံဖို့ ပြေးထွက်သွားတော့မလို့ပါ။
ကျွန်တော် တကယ်ကို တုံးအခဲ့တာပါ။ ဂိုးထဲကိုပဲ အသာလေး ပိတ်သွင်းလိုက်သင့်တာ။ ဒါပေမဲ့ ဒီလိုမျိုးတွေက ဖြစ်တတ်တာပဲဆိုတော့ နောက်တစ်ကြိမ်အတွက် သင်ခန်းစာ ယူသွားပါမယ်။ ဂိုးဝင်သွားပြီလို့ ထင်နေတာကြောင့် ဒိုင်လူကြီး ဝီစီမှုတ်မှာကိုပဲ စောင့်နေမိတာပါ။ ကျွန်တော် တော်တော်လေး မိုက်မဲသွားတာပါ၊ ဒါပေမဲ့ ဂိုးဝင်သွားပြီလို့ တကယ်ထင်ခဲ့တာပါ" လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ဒီလပ်က "ကျွန်တော်တို့တွေ ကောင်းကောင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသလို ကစားကွက်ကောင်းကောင်းနဲ့ ကစားနိုင်တာကို ပြသခဲ့ပြီးပါပြီ၊ ဒါကြောင့် ကျွန်တော်တို့ ပျော်ပါတယ်။
နက်တိုကတော့ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ကစားသမားပါ။ သူဟာ အမြဲကစားနေကျ မဟုတ်တဲ့ နေရာမှာ ကစားနေရတာတောင်မှ သူ့ရဲ့ အရည်အသွေးကို အကောင်းဆုံး ပြသနိုင်ခဲ့ပါတယ်" လို့လည်း ဒီလပ်က ပြောသွားခဲ့ပါတယ်။