အယ်လ်ဗာရက်ဇ်ကို စိတ်ဝင်စားကြောင်း ဘာစီလိုနာဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာ ဝန်ခံ
ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို သဘောကျမိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာ ဒီနွေရာသီမှာ ယူရို သန်း ၁၀၀ ကျော်နဲ့ ဘာစီလိုနာကို ပြောင်းရွှေ့လာဖို့ သတင်းတွေ ထွက်ပေါ်နေသူလည်း ဖြစ်ပါတယ်။
"သူဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ကျွန်တော့်ထက် ပိုနားလည်တဲ့သူတွေရဲ့ အဆိုအရ ဘာစီလိုနာရဲ့ ကစားကွက်နဲ့လည်း အံဝင်ခွင်ကျဖြစ်မယ့်သူပါ" လို့ ဂျိုအန်လာပေါ်တာက Cadena SER ကို ပြောပါတယ်။
"သူက အသင်းဘတ်ဂျက်ကို အခက်တွေ့စေမယ့် ကစားသမားမျိုးတော့ မဟုတ်ပါဘူး။ ပထမဆုံးအနေနဲ့ သူကိုယ်တိုင်က ဘာစီလိုနာကို လာချင်တဲ့ဆန္ဒရှိတယ်ဆိုတာ အရင်ပြဖို့လိုပါတယ်။ ဒါဟာ ကျွန်တော်တို့ စိတ်ဝင်စားတဲ့ ကစားသမားတိုင်းဆီက မျှော်လင့်ထားတဲ့အချက်ဖြစ်သလို ဈေးနှုန်းကလည်း သင့်တင့်မျှတရပါမယ်။ အဲ့ဒီနောက်မှသာ ကျွန်တော်တို့ဘက်က စဉ်းစားမှာပါ။ ဒါပေမဲ့ လောလောဆယ် သူ့ဘက်က တောင်းဆိုထားတဲ့ အချက်တွေကတော့ လက်ခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။
မန်ယူကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း ဂျိုအန်လာပေါ်တာက "ရက်ရှ်ဖို့ဒ်ဟာ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေနဲ့အတူ ရာသီကောင်းတစ်ခုကို ပိုင်ဆိုင်နေပါတယ်။ သူက အသင်းအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်ခဲ့တယ်လို့ နားလည်ထားပါတယ်။ ဒီကို ကလည်း သူဟာ ပြိုင်ဘက်နောက်ခံလူတွေ အမြဲတမ်း ကပ်လိုက်ကစားရလောက်တဲ့အထိ ကောင်းမွန်တဲ့ ကစားသမားဖြစ်သလို လူတစ်ယောက်ကို ကျော်ဖြတ်နိုင်စွမ်းရှိသူလို့ အမြဲပြောလေ့ရှိပါတယ်။ ကျွန်တော် ထင်တာကတော့ သူဟာ အလွန်ကောင်းမွန်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေတာဖြစ်ပြီး ရာသီကုန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။