လေဗာကူဆင်နဲ့ သရေကျခဲ့တဲ့ပွဲမှာ ဘူကာယို ဆာကာကို လူစားလဲခဲ့တာနဲ့ ပတ်သက်ပြီး အာတီတာ ရှင်းပြ
ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ လေဗာကူဆင်နဲ့ ၁-၁ ဂိုးစီ သရေကျခဲ့ပါတယ်။ အဲဒီပွဲမှာ အသင်းခေါင်းဆောင် ဘူကာယို ဆာကာရဲ့ ခြေစွမ်းဟာ စိတ်ပျက်စရာကောင်းခဲ့ပြီး ပွဲချိန် မိနစ် ၆၀ မှာတင် လူစားလဲခြင်း ခံခဲ့ရပါတယ်။
အသက် ၂၄ နှစ်အရွယ် ဆာကာဟာ ဒီရာသီ အာဆင်နယ်အတွက် ၃၉ ပွဲ ကစားပေးထားရာမှာ ၉ ဂိုးသွင်းပြီး ၅ ဂိုး ဖန်တီးပေးထားနိုင်ပေမဲ့ ဂိုးရှေ့ရောက်ရင်တော့ သူ့ရဲ့ ပုံမှန်ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေသလို ဖြစ်နေပါတယ်။ သူငယ်ဘဝကတည်းက ရှိခဲ့တဲ့ ကလပ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားတဲ့ ဒီတောင်ပံကစားသမားရဲ့ နေရာမှာ နိုနီ မာဒူအက်ကေးက ပွဲချိန် တစ်နာရီအရောက်မှာ ဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။
မာဒူအက်ကေးဟာ အာဆင်နယ်အတွက် သရေရလဒ် ရရှိစေမယ့် ပင်နယ်တီကို ရယူပေးနိုင်ခဲ့ပြီး ဒါဟာ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်ကို ရင်ဆိုင်ဖို့အတွက် အားသာချက် အနည်းငယ် ရရှိသွားစေပါတယ်။ ပွဲအပြီးမှာတော့ အာတီတာက သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး "အသင်းအတွက် တစ်ခုခု ထူးခြားတာမျိုး လိုအပ်နေတယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ နိုနီက အသင်းအတွက် ကောင်းကောင်း အကျိုးပြုနိုင်သလို ပြိုင်ဘက်ကိုလည်း တကယ် ခြိမ်းခြောက်နိုင်တဲ့သူ ဖြစ်နေတာကြောင့် အခုလို လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ" လို့ ရှင်းပြခဲ့ပါတယ်။