ချဲလ်ဆီးကို ၃ ဂိုးပြတ်အနိုင်ရရှိမှုက အလွန်အရေးကြီးတယ်လို့ ဆိုလိုက်တဲ့ ပီအက်စ်ဂျီအနိုင်ဂိုးရှင် ခဗာရက်စ်ခီလီယာ
ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးည၊ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ခွင့်ရခဲ့လို့ ခဗာရက်စ်ခီလီယာ အလွန်ဝမ်းသာပီတိဖြစ်နေပါတယ်။
Parc des Princes ကွင်းမှာ ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီက ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ခဗာရက်စ်ခီလီယာကိုယ်တိုင်လည်း လူစားဝင်ပါဝင်ကစားကာ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။
"တကယ်ကို ကောင်းမွန်တဲ့ပွဲစဉ်တစ်ခုပါ။ ကျွန်တော်တို့ ပွဲပြီးဆုံးချိန်အထိ အစွမ်းကုန်ကြိုးစားကစားခဲ့ကြပြီး ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်နိုင်ခဲ့ပါတယ်။ နောက်တစ်ပွဲကစားဖို့ ရှိနေသေးလို့ ချဲလ်ဆီးကို သုံးဂိုးပြတ်အနိုင်ရရှိမှုက အလွန်အရေးကြီးပါတယ်" လို့ ဂျော်ဂျီယာကြယ်ပွင့်က ပွဲစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။ "အခုတော့ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။ ဘာမှမပြီးဆုံးသေးလို့ ဒီအတိုင်း ဆက်ကြိုးစားသွားရပါမယ်။ ဒီညအတွက်တော့ ပျော်ရွှင်ရပေမဲ့ မနက်ဖြန်မှစပြီး လာမယ့်ပွဲစဉ်အတွက် အာရုံစိုက်သွားရပါမယ်" လို့ ဆိုပါတယ်။
၎င်းက ဆက်လက်ပြီး "အသင်းလိုက်လည်း ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ၃-၂ ဂိုး၊ ၄-၂ ဂိုး ဖြစ်နေချိန်မှာတောင် ဂိုးတွေ ထပ်သွင်းချင်ခဲ့ကြပါတယ်။ ခံစစ်မှ တိုက်စစ်အထိ အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြပြီး အသင်းကို ကူညီခွင့်ရခဲ့လို့ တစ်ကိုယ်ရည်အရလည်း တကယ်ကို ဝမ်းသာမိပါတယ်။ အခုလိုပဲ ဆက်သွားနိုင်ဖို့ လိုပါတယ်။ အရမ်းပျော်နေပါပြီ။ ရှေ့မှာ ကစားရမယ့် ပွဲတွေအများကြီးရှိနေသေးလို့ ပိုပြီး ကြိုးစားသွားဖို့ လိုအပ်သလို အဲ့ဒီပွဲစဉ်တွေဆီ အာရုံစိုက်နေရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။
ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု (Man-of-the-match) ရရှိခဲ့တဲ့ ခဗာရက်စ်ခီလီယာက "ဘောလုံးလောကမှာ ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာကို သိထားတဲ့အတွက် ဒါက ခက်ခဲတဲ့ကိစ္စပါ။ နောက်ပွဲအတွက် အာရုံစိုက်ထားဖို့၊ ၁၀၀ ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေဖို့နဲ့ အဲ့ဒီမှာလည်း ထပ်အနိုင်ရအောင် ကြိုးစားဖို့ပဲ လိုပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြမယ်လေ" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။