တောင်ပံကစားသမား ထရိုဆက်ရဲ့ဒဏ်ရာအခြေအနေကိုအသိပေးလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက ဗုဒ္ဓဟူးနေ့ က ကစားခဲ့တဲ့ ဘိုင်ယန်လေဗာကူဆင်နဲ့ ချန်ပီယံလိဂ် ၁-၁ သရေပွဲအပြီးမှာ တောင်ပံကစားသမား ထရိုဆက်ရဲ့ ဒဏ်ရာနောက်ဆုံးအခြေအနေကို ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်အသင်းဟာ ဂျာမနီမြေမှာ ကစားခဲ့တဲ့ ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ကိုင်ဟားဗက်ရဲ့ ပွဲနှောင်းပိုင်း ပင်နယ်တီဂိုးကြောင့်သာ လေဗာကူဆင်နဲ့ သရေရလဒ် ရရှိအောင် ရုန်းကန်ခဲ့ရတာပါ။
အသက် ၃၁ နှစ်အရွယ် ထရိုဆက်ဟာ အင်္ဂါနေ့မှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပေမဲ့ ကြွက်သားဒဏ်ရာဒဏ်ချက်ကနေ သက်သာမလာသေးတဲ့အတွက် ဒီပွဲမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။
ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အာတီတာက ဘယ်လ်ဂျီယံတိုက်စစ်ကစားသမားရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး အခုလိုပဲ အသိပေးခဲ့ပါတယ်။ "သူ မနေ့က လေ့ကျင့်ခန်းဆင်းခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကစားဖို့အတွက်တော့ အဆင်မပြေသေးဘူး။ တစ်ခုခု ခံစားနေရသေးတယ်လို့ သူပြောပါတယ်။ ဒီလိုအဆင့်အတန်းမျိုးမှာ ကစားဖို့ဆိုရင် ကြံ့ခိုင်မှု ၁၀၀ ရာခိုင်နှုန်း အပြည့်ရှိနေဖို့ လိုအပ်ပါတယ်၊ သူကတော့ အဲဒီအတိုင်း ဖြစ်မနေသေးပါဘူး" လို့ ဆိုပါတယ်။