The network connection is lost.

Banner Image

လေဗာကူဆင်နဲ့သရေကျခဲ့တဲ့ရလဒ်က အဆိုးကြီးမဟုတ်ဘူးလို့ဆိုလာတဲ့ မာဒူကီ

ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပြိုင်ဘက် လေဗာကူဆင်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ရလဒ်အပေါ် ကျေနပ်နိုင်ပါတယ်လို့ အာဆင်နယ်တောင်ပံကစားသမား နိုနီမာဒူကီက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ လေဗာကူဆင်အတွက် ရောဘတ်အန်းဒရစ်ချ်က အဖွင့်ဂိုး သွင်းယူခဲ့တာပါ။ ဒါပေမဲ့ ပွဲပြီးခါနီး ၈၉ မိနစ်မှာ မာဒူအေကီကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ကိုင်ဟာဗက်ဇ်က အပိုင်ကန်သွင်းပြီး အာဆင်နယ်အတွက် ချေပဂိုး ပြန်လည်ရယူပေးခဲ့ပါတယ်။

ပွဲအပြီး အဝတ်လဲခန်းထဲက အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ မာဒူကီက "အခြေအနေက အရမ်းကြီးလည်း မကောင်းသလို၊ အရမ်းကြီးလည်း မဆိုးပါဘူး။ ဒုတိယအကျော့ လန်ဒန်က ကျွန်တော်တို့ကွင်းမှာ ကစားရမှာဖြစ်လို့ အခွင့်အရေးက အပြည့်အဝရှိနေပါသေးတယ်။ ကျွန်တော်တို့ကွင်းမှာဆိုရင် ကျွန်တော်တို့က တကယ်ကို ခြေစွမ်းပြနိုင်တဲ့သူတွေပါ။ အားလုံး အဆင်ပြေပါတယ်၊ ဘာမှ စိုးရိမ်စရာမရှိပါဘူး" လို့ ပြောခဲ့ပါတယ်။

"အဲမရိတ်စ်ကွင်းရဲ့ ပရိသတ်အားပေးသံတွေကို ကြားချင်လှပြီ၊ အဲဒီပွဲက တကယ်ကို အံ့ဩဖို့ကောင်းမှာပါ။ ကျွန်တော်တို့ ပရိသတ်တွေရဲ့ အားပေးမှုလိုအပ်သလို နောက်တစ်ဆင့်တက်နိုင်ဖို့လည်း ယုံကြည်မှုအပြည့် ရှိနေပါတယ်" လို့လည်း သူက ဆိုပါတယ်။

ပွဲချိန် မိနစ် ၆၀ နောက်ပိုင်းမှ လူစားဝင်ကစားခဲ့တဲ့ မာဒူကီက "ကျွန်တော် ပွဲထွက်ကစားရသည်ဖြစ်စေ၊ အရန်ခုံမှာပဲ ထိုင်နေရသည်ဖြစ်စေ၊ ကျွန်တော့်ရဲ့ ကစားဟန်က တခြားသူတွေနဲ့မတူဘဲ ထူးခြားတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကစားဟန်အတိုင်း အကောင်းဆုံးကစားဖို့ပဲ ကြိုးစားသလို၊ အာဆင်နယ်အသင်းမှာ ကစားခွင့်ရတဲ့အတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

"ဘောလုံးရတဲ့အချိန်မှာ ကိုယ့်ရဲ့ပင်ကိုယ်သိစိတ်အတိုင်းပဲ ရှေ့ကို တိုးသွားခဲ့တာပါ။ VAR ပြန်ကြည့်တဲ့အချိန်မှာတော့ 'အို... ဘုရားရေ' လို့ တွေးမိခဲ့ပေမဲ့ ဒါဟာ ပင်နယ်တီအစစ်အမှန်ဆိုတာ ကျွန်တော် သိပါတယ်" လို့ ဆိုပါတယ်။

"ကိုင်ဟာဗက်ဇ်က ထိပ်တန်းကစားသမားတစ်ယောက်ပါ။ လူတိုင်းက သူ့ရဲ့ အရည်အချင်းကို သိသလို ကျွန်တော်တို့အသင်းမှာ ဘယ်လောက်အထိ လူအင်အားတောင့်တင်းလဲဆိုတာလည်း သိကြပါတယ်။ ဒါကြောင့် ပွဲထွက်ကစားရသည်ဖြစ်စေ၊ လူစားဝင်ကစားရသည်ဖြစ်စေ အသင်းအတွက် တစ်ခုခု လုပ်ဆောင်ပေးနိုင်ဖို့ အခွင့်အရေးက အမြဲတမ်း ရှိနေတာပါ" လို့ မာဒူကီက ပြောကြားခဲ့ပါတယ်။