ကာရစ်လက်အောက်မှာကစားဖို့ မစောင့်နိုင်တော့ကြောင်း ဖွင့်ဟလာတဲ့ ဇက်ခ်ဇီ
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဂျိုရှူးဝါးဇက်ခ်ဇီက သူဟာ လက်ရှိအသင်းရဲ့ယာယီနည်းပြ မိုက်ကယ်ကာရစ်လက်အောက်မှာကစားဖို့ မစောင့်နိုင်တော့ကြောင်းဖွင့်ဟလာခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာဆက်ရှိနေဖို့ အလားအလာများလာခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယူနိုက်တက်ဟာ ဖူလ်ဟမ်ကို ၃-၂ နဲ့အနိုင်ရပြီးနောက် ကာရစ်လက်အောက်မှာ ၃ ပွဲဆက်အနိုင်ရထားတာကြောင့် လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာကြောင့် မန်စီးတီး၊ အာဆင်နယ်တို့နဲ့ပွဲစဉ်တွေကိုလွဲချော်ခဲ့တဲ့ ဇက်ခ်ဇီက ယခုအခါမှာတော့ "ကျွန်တော် ကစားခွင့်ရဖို့ မစောင့်နိုင်တော့ပါဘူး။ အထူးသဖြင့် မန်စီးတီးနဲ့ပွဲမှာ အသင်းဖော်တွေကစားသွားတဲ့ပုံစံကိုမြင်ပြီးကတည်းက ကစားချင်စိတ်တွေ ပိုတိုးလာခဲ့တာပါ။ အသင်းဖော်တွေနဲ့ ပြန်ကစားရဖို့ အရမ်းမျှော်လင့်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလအပြောင်းအရွှေ့ကာလအတွင်း ဇက်ခ်ဇီဟာ ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားတာပေမယ့် ယခုအခါမှာတော့ ကာရစ်က ထွက်ခွာခွင့်ပြုမှာမဟုတ်တော့ဘူးလို့ သတင်းတွေကဆိုပါတယ်။
ဆက်လက်ပြီး ဇက်ခ်ဇီက "ကျွန်တော် အသင်းရဲ့ကစားပုံကို အရမ်းသဘောကျပါတယ်။ ကျွန်တော်တို့အသင်းက ဂိုးသွင်းဖို့ရော၊ ခံစစ်ကစားဖို့ရော၊ အရင်ကထက်ပိုပြီးတော့ ဆာလောင်စိတ်ရှိလာတယ်လို့ထင်ပါတယ်။ အခု နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေက တကယ်ကို ကြည့်လို့ကောင်းခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ နောက်ထပ်ခက်ခဲတဲ့ပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဇက်ခ်ဇီတစ်ယောက် လူစာရင်းထဲမှာ ပြန်လည်ပါဝင်ခွင့်ရမလား စောင့်ကြည့်သွားရပါမယ်။