ဆိုလ်ရှားသာ ဟာလန်းကို ခေါ်ခွင့်ရခဲ့မယ်ဆိုရင် ယူနိုက်တက်ရဲ့ ပြဿနာတွေ ပြေလည်နိုင်ခဲ့တယ်လို့ ဆိုလာတဲ့ အီဗရာ
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ပက်ထရစ်အီဗာရာက အသင်းအနေနဲ့ ဟာလန်းကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ပြေလည်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားဟာ ဟာလန်းကို မိုလ်ဒီအသင်းမှာ နည်းပြခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်တုန်းက ပေါင် ၄ သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ အကြံပြုခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ကလပ်အသင်းဘက်က အဲဒီအပြောင်းအရွှေ့ကို ရှေ့ဆက်မလုပ်ဆောင်ခဲ့တာကြောင့် လက်ရှိ မန်စီးတီးတိုက်စစ်မှူးဟာ ဆဲလ်ဘတ် အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှာ ဒေါ့မွန်အသင်းဆီ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နှစ်အတော်ကြာအောင် ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ဦး လိုအပ်နေခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ ဖလားပြိုင်ပွဲအားလုံးကနေ ထွက်ခဲ့ရသလို ဥရောပဝင်ခွင့်နဲ့လည်း ဝေးကွာနေခဲ့ရပါတယ်။
ပက်ထရစ်အီဗာရာက Stake နဲ့ အင်တာဗျူးမှာ ပြောကြားရာမှာတော့ အကယ်၍ အသင်းကသာ ဆိုးလ်ရှားရဲ့ စကားကို နားထောင်ခဲ့မယ်ဆိုရင် ဒီနော်ဝေတိုက်စစ်မှူးက ယူနိုက်တက်ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့မှာဖြစ်တယ်လို့ ဆိုပါတယ်။ "ယူနိုက်တက်အတွက် ဟာလန်းကို ခေါ်ယူနိုင်ဖို့က တကယ်ကို အရေးကြီးခဲ့တာပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသင်းမှာ တိုက်စစ်မှူးတစ်ယောက် လိုအပ်နေတာ နှစ်အတော်ကြာနေပြီလေ။ အခုလက်ရှိ ဘင်ဂျမင်ဆက်စ်ကိုက အထိုင်ကျနေပြီဆိုပေမဲ့ ဟာလန်းလို ကစားသမားမျိုးကတော့ သေချာပေါက် ဂိုးတွေရဖို့ အာမခံချက်ပေးနိုင်ပါတယ်။ ဆိုးလ်ရှား နည်းပြဖြစ်နေတဲ့အချိန်မှာသာ ဟာလန်းကို ခေါ်ခဲ့မယ်ဆိုရင် အသင်းက အခုလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရမှာ မဟုတ်ပါဘူး။ သူသွင်းတဲ့ဂိုးတွေက အပြောင်းအလဲတွေ ဖန်တီးပေးနိုင်သလို ပွဲတွေကိုလည်း အနိုင်ရစေတာပါ" လို့ သူက ပြောပါတယ်။
"ယူနိုက်တက်ကို ရောက်လာသင့်တဲ့ ကစားသမားတွေ အများကြီးရှိခဲ့ပေမဲ့ ဒါတွေက အတိတ်က ကိစ္စတွေပါပဲ။ ဟာလန်းက မန်စီးတီးမှာ အကောင်းဆုံး ခြေစွမ်းပြနေသလို သူက လူကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်၊ ကျွန်တော် သူနဲ့ ပုဂ္ဂိုလ်ရေးအရလည်း ခင်ပါတယ်။ သူ့ကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်" လို့လည်း ပက်ထရစ်အီဗာရာက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ဟာလန်းဟာ ဒီတစ်ပတ်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ယူနိုက်တက်ကစားသမားတွေကတော့ ဥရောပဝင်ခွင့်ဇယားထဲ ပြန်ဝင်နိုင်ဖို့ ကြိုးစားရမယ့် အက်စတွန်ဗီလာနဲ့ပွဲ မတိုင်ခင် အနားရနေမှာ ဖြစ်ပါတယ်။