ကာရစ်လက်ထက်မှာ ယူနိုက်တက် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်မှာမဟုတ်ဘူးလို့ ကာရေဂါ သုံးသပ်
လီဗာပူးနောက်ခံလူဟောင်း ဂျေမီကာရေဂါက မန်ချက်စတာယူနိုက်တက်အနေနဲ့ လက်ရှိယာယီနည်းပြ မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ပါက ပရီးမီးယားလိဂ်ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေဦးမှာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၂ ပတ်ကျော်ခန့်က လိဒ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်အပြီး အသင်းရဲ့အကြီးအကဲတွေကို ဝေဖန်ပြောဆိုခဲ့တဲ့ နည်းပြရူဘင်အာမိုရင်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ဒါရင်းဖလက်ချာကို ခေတ္တတာဝန်ယူစေခဲ့ပြီး ယခုအခါမှာတော့ ကာရစ်ကို ရာသီကုန်အထိ နည်းပြရာထူးပေးအပ်ထားတာဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ ရာသီကုန်မှာတော့ ကာရစ်ကို ရာထူးမှဖယ်ရှားပြီး လက်ရှိပရီးမီးယားလိဂ်မှာ နာမည်ရနေတဲ့ အိုလီဗာဂလက်စ်နာ သို့မဟုတ် အိုဒိုနီအီရာအိုလာတို့လို နည်းပြတွေကို အမြဲတမ်းနည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့စနေနေ့က မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးကို ၂-၀ နဲ့အနိုင်ရပြီးနောက် ကာရစ်အနေနဲ့ ဘောလုံးလောကတစ်ဝှမ်းချီးကျူးမှုတွေအများအပြားရရှိခဲ့ပေမယ့် ကာရေဂါကတော့ ကာရစ်ဟာ ယူနိုက်တက်ကို ရေရှည်ဦးဆောင်နိုင်ဖို့ ထိပ်တန်းအဆင့်မရှိသေးကြောင်း ပြောကြားလာခဲ့ပါတယ်။
ကာရေဂါက "သူတို့မန်စီးတီးကိုနိုင်ခဲ့ပေမယ့် ကျွန်တော့်အမြင်ကတော့ မပြောင်းလဲပါဘူး။ လီဗာပူးမှာလည်း နည်းပြသစ်တစ်ယောက်ခန့်အပ်ပြီဆိုရင် အမြဲတမ်းဒီလိုစဉ်းစားပါတယ်။ ဒီလူက ငါတို့ကို ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပေးနိုင်ပါ့မလားပေါ့။ သူတကယ်လုပ်နိုင် မလုပ်နိုင်ဆိုတာထက် သူလုပ်ပေးနိုင်မယ်လို့ ကျွန်တော်ကယုံကြည်နေဖို့လိုပါတယ်"
"မိုက်ကယ်ကာရစ်ဦးဆောင်နေသရွေ့ ယူနိုက်တက်က ပရီးမီးယားလိဂ်ရမယ်လို့ ကျွန်တော်မယုံကြည်သလို၊ လီယမ်ရိုဆင်နီယာလက်ထက်မှာလည်း ချဲလ်ဆီး ဒီဖလားကိုဆွတ်ခူးနိုင်မယ်လို့ ကျွန်တော်မယုံပါဘူး။ ဒီလိဂ်မှာ ဆုဖလားအောင်မြင်မှုရဖို့ဆိုရင် ထူးခြားနေဖို့လိုပါတယ်။ ပရီးမီးယားလိဂ်ဖလားကိုရခဲ့တဲ့နည်းပြတွေကိုကြည့်ရင် ၉၉ ရာခိုင်နှုန်းလောက်က ထူးခြားတဲ့လူတွေပါ။ မိုက်ကယ်ကာရစ်မှာ ဒီလိုအရည်အချင်းမျိုးလိုအပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အမြင်က မှားကောင်းမှားနိုင်ပေမယ့် ကာရစ်လက်ထက်မှာတော့ ယူနိုက်တက်ဖလားရမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ကာရေဂါက ယူနိုက်တက်အနေနဲ့ ဂျူလီယန်နာဂယ်စ်မန်း၊ သောမတ်စ်တူချယ်လ်၊ အက်ဒီဟိုဝီနဲ့ လူးဝစ်အင်းနရစ်တို့ထဲမှာ တစ်ဦးဦးကို နည်းပြသစ်အဖြစ်ခန့်အပ်သင့်ကြောင်းလည်း အကြုံပြုထားပါတယ်။