ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်ဆိုရင်တောင် ကစားသမားရောင်းချမှုမှတဆင့် ယူရိုသန်း ၁၀၀ ရှာဖွေသွားရန် လိုက်ပ်ဇစ်အသင်းလိုအပ်နေ
Red Bull ကုမ္ပဏီဘက်မှတောင်းဆိုထားတဲ့ ငွေကြေးဆိုင်ရာလိုအပ်ချက်တွေကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ လိုက်ပ်ဇစ်အသင်းက ကစားသမားအဝင်အထွက်တွေနဲ့ အတော်လေးအလုပ်ရှုပ်ဦးမယ်လို့ ယူဆရပါတယ်။
Sky Germany ရဲ့ဖော်ပြချက်အရ လိုက်ပ်ဇစ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကစားသမားရောင်းချမှုမှတဆင့် ယူရို သန်း ၁၀၀ ကျော် ပြန်လည်ရှာဖွေရမယ်လို့ သိရပါတယ်။ ဒါဟာ Red Bull ကုမ္ပဏီဘက်မှ တိတိကျကျချမှတ်ပေးထားတဲ့ ညွှန်ကြားချက်တစ်ခု ဖြစ်တယ်လို့လည်း အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။
အကယ်၍ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်ဆိုရင်တော့ ထိပ်တန်းကစားသမားတစ်ဦးနဲ့ တခြားအရံကစားသမားတချို့ကို ရောင်းချလိုက်ရုံနဲ့ ဒီငွေကြေးပမာဏကို ဖူလုံသွားစေပါလိမ့်မယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရဘူးဆိုရင်တော့ ထိပ်တန်းကစားသမားနှစ်ဦးလောက်အထိ ရောင်းထုတ်သွားရဖို့ ရှိနေပါတယ်။ အဲဒီကစားသမားတွေအနက် စုစုပေါင်းခန့်မှန်းတန်ကြေး ယူရိုသန်း ၁၇၀ ဝန်းကျင်ရှိတဲ့ ဒီအိုမန်ဒီနဲ့ လုခ်ကီဘာတို့လည်း ပါဝင်သွားနိုင်ပါတယ်။တယ်။
ဒီနေရာမှာ သတိပြုရမယ့်အချက်က စီးရီးအေမှာ ဂျူဗင်တပ်စ်တို့ TOP 10 စာရင်းဝင်မယ်ဆိုရင် အိုပန်ဒါကို ယူရိုသန်း ၄၀ ကျော်ဖြင့် အပြီးသတ်ဝယ်ယူရမယ့် သဘောတူညီမှုအကြောင်း ထည့်သွင်းတွက်ချက်ထားခြင်း မရှိတာပါပဲ။
လက်ရှိမှာ တူရင်အခြေစိုက်ကလပ်အသင်းက စီးရီးအေအမှတ်ပေးဇယားအဆင့်-၆ နေရာမှာရှိနေလို့ အိုပန်ဒါကို ဝယ်ယူရမယ့်အခြေအနေ အတော်လေး သေချာနေပါတယ်။
အယ်လ်မက်စ်၊ ဗာမီရန်နဲ့ ဂါထရူဒါတို့လို ဝယ်ယူခွင့်ပါဝင်တဲ့ အငှားကစားသမားတွေရဲ့အပြောင်းအရွှေ့တွေကိုတော့ အခုလာမယ့်နွေရာသီစာရင်းထဲမှာ ထည့်သွင်းတွက်ချက်သွားပါလိမ့်မယ်။