The network connection is lost.

Banner Image

ကစားသမားတွေကို တိုးတက်အောင်သင်ပေးနိုင်မယ့် နည်းပြမျိုးလိုအပ်ကြောင်း ယူနိုက်တက်ကို သွယ်ဝိုက်သတိပေးလိုက်တဲ့ ကွန်တီ

နာပိုလီနည်းပြ အန်တိုနီယိုကွန်တီက အသင်းတစ်သင်းအနေနဲ့ ကြယ်ပွင့်ကစားသမားတွေကို တိုးတက်အောင်သင်ပေးနိုင်မယ့် နည်းပြမျိုး လိုအပ်ကြောင်း ရက်စ်မွတ်စ်ဟွိုက်လန်းကို အီတလီမြေသို့အငှားချခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကို သတိပေးပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီက အသင်းရဲ့တိုက်စစ်မှူး ဟွိုက်လန်းကို နာပိုလီထံ အပြီးသတ်ဝယ်ယူခွင့်သဘောတူညီချက်ပါဝင်တဲ့ တစ်ရာသီအငှားစာချုပ်နဲ့ စေလွှတ်ခဲ့ပါတယ်။ အသက်-၂၂ နှစ်အရွယ်ဒိန်းမတ်လက်ရွေးစင်ဟာ အသင်းသစ်မှာ ပုံစံကောင်းပြန်လည်ရရှိလာခဲ့ပြီး နာပိုလီအတွက် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၂၄ ပွဲမှာ ၉ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။ 

ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကွန်တီက ဟွိုက်လန်းကို အငှားချခဲ့တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အသင်းမှာ ကစားသမားတွေကို သင်ကြားပေးနိုင်တဲ့ နည်းပြတစ်ဦးလိုအပ်ကြောင်း ယူနိုက်တက်နည်းပြဟောင်း ရူဘင်အာမိုရင်ကို သွယ်ဝိုက်ဝေဖန်ခဲ့ပါတယ်။ 

ကွန်တီက "ဟွိုက်လန်းက ကျွန်တော်တို့ဆီစရောက်လာကတည်းက အများကြီးတိုးတက်လာပါတယ်။ သူက အသက်-၂၂ နှစ်ပဲရှိသေးတာကြောင့် ကြီးမားတဲ့အလားအလာတွေကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီလိုလူငယ်ကစားသမားတွေအနေနဲ့ သူတို့ကို တိုးတက်အောင်လုပ်ပေးနိုင်မယ့်သူတွေ၊ အသင်းအတွက် ဘယ်လိုအလုပ်လုပ်ရမယ်ဆိုတာ သင်ပေးနိုင်မယ့် နည်းပြတွေ မဖြစ်မနေလိုအပ်ပါတယ်"

"ဟွိုက်လန်းလို တိုက်စစ်မှူးတွေဆိုရင် ဘောလုံးကို ဘယ်လိုချဉ်းကပ်ရမလဲ၊ ကွင်းလယ်က နေရာလွတ်တွေကို ဘယ်ချိန်မှာ ထိုးဖောက်ရမယ်ဆိုတာတွေ သင်ပေးရပါမယ်။ ကျွန်တော်တို့ရဲ့အလုပ်ကလည်း ကစားသမားတိုင်းကို သူတို့စရောက်လာတဲ့အချိန်ကထက် ပိုကောင်းလာအောင် သင်ကြားပေးဖို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။

အခုလို ကွန်တီရဲ့မှတ်ချက်ဟာ ယူနိုက်တက်နည်းပြဟောင်း အာမိုရင်အနေနဲ့ ဟွိုက်လန်းရဲ့အရည်အချင်းကို အသုံးမချတတ်ခြင်း ဒါမှမဟုတ် ကစားသမားကို တိုးတက်အောင်မလုပ်ပေးနိုင်ခဲ့ခြင်းကို သွယ်ဝိုက်ထိုးနှက်လိုက်တာဖြစ်တယ်လို့လည်း ယူဆနေကြပါတယ်။