ပီအက်စ်ဂျီနဲ့ရင်ဆိုင်တိုက်ပွဲ မပြီးဆုံးသေးဘူးလို့ ချဲလ်ဆီးကပ္ပတိန်ရီစီဂျိမ်းစ် အခိုင်အမာပြောကြား
ယမန်နေ့ညပိုင်း၊ ပါရီမှာကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ ၅-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမဲ့ ချဲလ်ဆီးအတွက် မျှော်လင့်ချက်ရှိနေပါသေးတယ်လို့ အသင်းကပ္ပတိန်ရီစီဂျိမ်းစ်က အခိုင်အမာပြောကြားလိုက်ပါတယ်။
ဒီပွဲစဉ်မှာ ချဲလ်ဆီးက ဘာကိုလာနဲ့ ဒမ်ဘီလီတို့ရဲ့ဦးဆောင်ဂိုးတွေကို ဂတ်စတို၊ အန်ဇိုဖာနန်ဒက်စ်တို့ရဲ့ ဂိုးတွေနဲ့ နှစ်ကြိမ်တိုင်တိုင် ချေပနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပွဲချိန်နှောင်းပိုင်း ၁၅ မိနစ်မှာ ဗီတင်ဟာရဲ့သွင်းဂိုးနဲ့အတူ လူစားဝင်ကစားသမားခဗာရက်စ်ခီလီယာက နှစ်ဂိုးထပ်မံသွင်းယူခဲ့လို့ အိမ်ရှင်တို့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
"ပွဲစဉ်တစ်ခုလုံးကို ပြန်ကြည့်မယ်ဆိုရင် ၇၅ မိနစ်အထိ နှစ်ဖက်အသင်းအကြား အခြေအနေအတော်လေးမျှတနေခဲ့ပြီး ပွဲချိန်နောက်ဆုံး ၁၅ မိနစ်အတွင်းမှာတော့ ပွဲကို ကျွန်တော်တို့ မထိန်းချုပ်ထားနိုင်တော့ပါဘူး။ ကျွန်တော်တို့ ဖြစ်ချင်တဲ့အတိုင်း ပွဲကိုအဆုံးမသတ်နိုင်ခဲ့တာ တကယ့်ကို စိတ်ပျက်စရာကောင်းပါတယ်" လို့ ရီစီဂျိမ်းစ်က ပြောပါတယ်။
"ဒါက ချန်ပီယံလိဂ်ဖြစ်နေလို့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒါက ကလပ်အသင်းအဆင့်မှာ အကြီးကျယ်ဆုံးပြိုင်ပွဲတစ်ခုဖြစ်သလို နှစ်တွေတစ်လျှောက်မှာလည်း ကျွန်တော်တို့ အခုရင်ဆိုင်နေရတဲ့အခြေအနေထက် ပိုဆိုးတဲ့ရလဒ်တွေမှတဆင့် အကောင်းဆုံးကျော်ဖြတ်ပြခဲ့တဲ့အသင်းတွေ အများကြီးရှိခဲ့ဖူးပါတယ်"
"ကျွန်တော်တို့ အခုပွဲစဉ်ကိုမေ့ပစ်ပြီး အနာဂတ်ကိုပဲ ကြည့်သွားရပါမယ်။ အကောင်းဆုံးပြန်တုံ့ပြန်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီပွဲက ကျွန်တော်တို့ ဖြစ်ချင်သလိုဖြစ်မလာခဲ့ပေမဲ့ လမ်းတစ်ဝက်ပဲ ရှိပါသေးတယ်။ ဒီပွဲမှတဆင့် သင်ခန်းစာယူစရာတွေ အများကြီးရှိပါတယ်။ ဒုတိယအကျော့မှာ ကျွန်တော်တို့အတွက် အခက်အခဲတွေ အများကြီးရှိလာနိုင်တယ်ဆိုတာ သိပေမဲ့ ပွဲမပြီးသေးပါဘူး၊ ပြီးဖို့လည်း အဝေးကြီးလိုပါသေးတယ်။"
"ဒါဟာ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး ကလပ်အသင်းအဆင့် အကောင်းဆုံးပြိုင်ပွဲလည်း ဖြစ်ပါတယ်။ နှစ်ကျော့ကစားရတာဖြစ်လို့ ကျွန်တော်တို့ အားလုံးကို ပြန်ပြင်ဆင်ပြီး ထပ်ကြိုးစားရပါမယ်။ အထူးသဖြင့် ချဲလ်ဆီးပရိသတ်တွေကို ကျွန်တော် ထပ်ပြောချင်တာက ပွဲမပြီးသေးပါဘူး၊ လမ်းတစ်ဝက်ပဲ ရှိပါသေးတယ်ဆိုတာပါပဲ။ ဒုတိယအကျော့မှာ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားပါမယ်" လို့ ၎င်းက ဆိုပါတယ်။