ဘာစီလိုနာ ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းကို ထရီဇီဂေး တိုက်တွန်း
ဂျူဗင်တပ်စ်အသင်းရဲ့ ဂန္ထဝင်ကစားသမား ဒေးဗစ် ထရီဇီဂေးက ဘာစီလိုနာတိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးကို ခေါ်ယူဖို့ အသင်းဟောင်းကို အကြံပြုလိုက်ပါတယ်။
အသက် ၃၇ နှစ်အရွယ် ပိုလန်တိုက်စစ်မှူးရဲ့ စာချုပ်ဟာ ဒီရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကတော့ မစတင်ရသေးပါဘူး။
ထရီဇီဂေးက "ကျွန်တော်သာဆိုရင် လီဝန်ဒေါစကီးကို အသက် ၃၇ နှစ်ဖြစ်နေရင်တောင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှာပါ။ သူက တခြားသူတွေနဲ့ မတူဘဲ ထူးခြားတဲ့ အရည်အချင်းရှိသူဖြစ်သလို (အားလင်း) ဟာလန်းနဲ့အတူ နောက်ဆုံးကျန်ရှိနေတဲ့ ထိပ်တန်း အမှတ် ၉ နေရာ ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း "လီဝန်ဒေါစကီးက အရင်ကလောက် ကြံ့ခိုင်မှု မကောင်းတော့ဘူးလို့ ထင်ရပေမဲ့ ဘာစီလိုနာမှာ ပုံမှန်ကစားခွင့်မရခဲ့တဲ့ကြားက ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ သူက သန်မာသလို အရမ်းလည်း ပါးနပ်ပါတယ်။ သူသာ ဂျူဗင်တပ်စ်ကို ရောက်လာခဲ့ရင် ဘယ်လိုနေရာကလာတာလဲ၊ သူ့ဆီကနေ ဘာတွေမျှော်လင့်ထားလဲ ဆိုတာကို ကောင်းကောင်းနားလည်နေမှာပါ။ အခွင့်အရေးသာရှိရင် သူ့ကို တူရင်ဆီ ကျွန်တော်ကိုယ်တိုင် ခေါ်လာမိမှာပါ" လို့ ဆိုပါတယ်။
ပြင်သစ်ကစားသမားဟောင်း ထရီဇီဂေးက သူဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဖြစ်ခဲ့တဲ့ အတိတ်က အကြောင်းအရာလေးကိုလည်း အခုလို ပြန်ပြောင်းပြောပြခဲ့ပါသေးတယ်။ "အဲ့ဒီတုန်းက (အထွေထွေညွှန်ကြားရေးမှူးဟောင်း) မော့ဂျီက ကျွန်တော့်ကို ဘာစီလိုနာဆီ ရောင်းဖို့ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ ဖေဘီယို ကာပယ်လိုကြောင့် အပြောင်းအလဲဖြစ်သွားတာပါ။ ဖေဘီယိုက ကျွန်တော့်ကို ဖုန်းဆက်ပြီး အသင်းမှာ ဆက်နေဖို့ ပြောခဲ့တယ်။ အဲ့ဒီအချိန်မှာ သူက ရိုးမားအသင်းမှာပဲ ရှိနေပါသေးတယ်..."
"အမှန်အတိုင်းပြောရရင် ကျွန်တော် သိပ်ပြီး ယုံကြည်ချက်မရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အဆင်ပြေသွားခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာ အရမ်းကောင်းတဲ့ အသင်းရှိခဲ့ပြီး ဂျူဗင်တပ်စ်နဲ့ဆိုရင် ချန်ပီယံလိဂ်ဖလား ရဖို့ ပိုလွယ်မယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ၂၀၀၆ မှာ ဘာစီလိုနာကပဲ ဗိုလ်စွဲသွားခဲ့ပါတယ်" လို့ ထရီဇီဂေးက ပြောကြားခဲ့ပါတယ်။