နယူးကာဆယ်နောက်ခံလူလီဗရာမန်တိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်
အာဆင်နယ်က နယူးကာဆယ်ခံစစ်ကစားသမားလီဗရာမန်တိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပါတယ်။
ဂန်းနားတွေက စျေးကွက်အတွင်း ညာနောက်ခံလူစစ်စစ်တစ်ဦး ရှာဖွေနေပြီး လက်ရှိမှာ လီဗရာမန်တိုကိုခေါ်ယူဖို့ စဉ်းစားနေတယ်လို့ Telegraph သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။
လီဗရာမန်တိုနဲ့ နယူးကာဆယ်တို့အကြား ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသေးလို့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ အလျင်စလိုပြုလုပ်ဖို့မလိုအပ်တဲ့ အခြေအနေမျိုးလည်း ရှိနေပါတယ်။
နယူးကာဆယ်ဘက်က လီဗရာမန်တိုကို ဆက်ထိန်းထားဖို့ ဆန္ဒရှိနေပေမဲ့ လန်ဒန်သားတစ်ဦးဖြစ်တဲ့ကစားသမားကိုယ်တိုင် အခုနွေရာသီမှာ အာဆင်နယ်ရဲ့ကမ်းလှမ်းမှုနဲ့အတူ သူ့ရဲ့နေရပ်ဟောင်းဆီပြန်သွားဖို့ စိတ်လှုပ်ရှားနေနိုင်ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ လီဗရာမန်တိုနဲ့ အာဆင်နယ်နည်းပြ အာတီတာတို့က တူညီတဲ့အေးဂျင့်တစ်ဦးတည်းကိုသာ အသုံးပြုနေကြခြင်း ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားကို အခုရာသီအတွင်း မန်ချက်စတာစီးတီးအသင်းကလည်း စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မကြာသေးမီကပဲ လီဗရာမန်တိုက "ကျွန်တော့်ရဲ့ရည်မှန်းချက်က အမြဲတမ်း ပရီးမီးယားလိဂ်မှာ တတ်နိုင်သမျှစောစောစီးစီးကစားချင်ခဲ့တာပါ။ ဒါကြောင့် ချဲလ်ဆီးမှ ထွက်ခွာခဲ့ပြီး ဆောက်သမ်တန်မှာ အဲဒီအတွေ့အကြုံကို တန်းပြီး ရရှိခဲ့ပါတယ်။ ဒဏ်ရာတွေကြောင့် ခက်ခဲတဲ့အချိန်အချို့ရှိခဲ့ပေမဲ့ ကလပ်အသင်းနဲ့ ပရိသတ်တွေက ကျွန်တော့်အပေါ် အများကြီးကောင်းခဲ့ကြပါတယ်။ အခုတော့ ကျွန်တော် တကယ်ကိုနှစ်သက်တဲ့နေရာတစ်ခုဆီ ရောက်နေပါပြီ။ နယူးကာဆယ်ရဲ့ပတ်ဝန်းကျင်၊ ပရိသတ်တွေနဲ့ နည်းပြတွေက တကယ်ကို ကောင်းမွန်လွန်းလို့ ကျွန်တော်ကိုယ်တိုင် နေရာမှန်ရောက်နေသလို ခံစားရပါတယ်။ ဘောလုံးသမားတစ်ဦးအတွက် သင်ယူဖို့၊ တိုးတက်ဖို့ အကောင်းဆုံးနေရာဆီ ရောက်ရှိနေတာပါ" လို့ ပြောကြားခဲ့ပါတယ်။