The network connection is lost.

Banner Image

ဘွန်ဒက်စ်လီဂါကြယ်ပွင့်တွေကို ခေါ်ယူဖို့ မျက်စိကျနေတဲ့ လီဗာပူး

လီဗာပူးအသင်းက သူတို့ရဲ့တောင်ပံတိုက်စစ်နေရာအားဖြည့်ဖို့အတွက် ဘိုင်ယန်မြူးနစ်ကြယ်ပွင့်အိုလီစီနဲ့ လိုက်ပ်ဇစ်စတား ယန်ဒီယိုမန်ဒီတို့ကို ပစ်မှတ်ထားနေတယ်လို့ Sky Germany သတင်းဌာနမှ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ ဘွန်ဒက်စ်လီဂါမှ အီကီတီကီ၊ ဖလော်ရီယန်ဝစ်ဇ်နဲ့ ဖရင်ပေါင်တို့ကို ခေါ်ယူခဲ့ဖူးတဲ့ လီဗာပူးက လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာလည်း ဂျာမန်ထိပ်တန်းလိဂ်ကစားသမားတွေကို ထပ်မံအားဖြည့်ဖို့ ပြင်ဆင်လာပါတယ်။

Sky Germany ရဲ့အဆိုအရ လီဗာပူးက သူတို့ကိုယ်တိုင် ကာလရှည်စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားအိုလီစီကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီပြင်သစ်ကစားသမားက ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး စာချုပ်ဖျက်သိမ်းကြေးလည်း မပါဝင်လို့ အိုလီစီကိုခေါ်ယူဖို့ဆိုတာ "မဖြစ်နိုင်ဘူး"လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။

အိုလီစီအပြင် လီဗာပူးရဲ့နောက်ထပ်"အိပ်မက်ပစ်မှတ်"တစ်ဦးကတော့ လိုက်ပ်ဇစ်မှာခြေစွမ်းပြနေတဲ့ ယန်ဒီအိုမန်ဒီပဲ ဖြစ်ပါတယ်။

လိုက်ပ်ဇစ်ကတော့ ဒီအိုမန်ဒီကို နွေရာသီနောက်ပိုင်းအထိ ဆက်ထိန်းထားချင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပေမဲ့ ယူရိုသန်း ၁၀၀ ဝန်းကျင်ကမ်းလှမ်းမှုရှိလာမယ်ဆိုရင် ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။