အဲဗာတန်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းနိုင်ခဲ့လို့ ဂုဏ်ယူမိကြောင်း ဖွင့်ဟလာတဲ့ ဆက်စ်ကို
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကိုက တနင်္လာနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးပြီး အနိုင်ရလဒ် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့အပေါ် အလွန်ဝမ်းသာပီတိဖြစ်နေပါတယ်။
ဆက်စ်ကိုက ဒီပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး ပွဲချိန် ၇၁ မိနစ်မှာ အသင်းအတွက် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိစေမယ့် အဖိုးတန်ဂိုးကို သွင်းယူပေးခဲ့တာပါ။
"ဒီပွဲကို အနိုင်ရဖို့က ကျွန်တော်တို့အတွက် တကယ်ကို အရေးကြီးပါတယ်။ တကယ်လည်း ခက်ခဲခဲ့တဲ့ ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ရော သူတို့ပါ အကြိတ်အနယ် တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပြီး အနိုင်အရှုံးက ဘယ်သူ့ဘက်မဆို ပါသွားနိုင်တဲ့ ၅၀-၅၀ အခြေအနေမျိုးပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပွဲပြီးတဲ့အထိ ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့လို့ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာပါ" လို့ သူက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
လတ်တလော သူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့လည်း ဆက်စ်ကိုက "ကျွန်တော့်အတွက်ကတော့ ဘယ်အချိန်မှာပဲ လူစားဝင်ကစားရပါစေ အသင်းကို အကောင်းဆုံး ကူညီပေးနိုင်ဖို့က အဓိကပါ။ ဒါကြောင့်လည်း ကျွန်တော် ဒီကို ရောက်နေတာ ဖြစ်ပါတယ်။ ၅ မိနစ်ပဲ ကစားရသည်ဖြစ်စေ၊ မိနစ် ၉၀ ပြည့် ကစားရသည်ဖြစ်စေ အရေးမကြီးပါဘူး။ အဓိကကတော့ ကျွန်တော် တတ်နိုင်သမျှ အသင်းအတွက် အကျိုးပြုနိုင်တယ်ဆိုတာကို သက်သေပြဖို့ဖြစ်ပြီး အခုလို လုပ်ပြနိုင်ခဲ့တဲ့အတွက်လည်း တကယ်ကို ပျော်ရွှင်ရပါတယ်" လို့ ဆိုပါတယ်။
"ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုရှိသလို အသင်းဖော်တွေကလည်း ကျွန်တော့်အပေါ် ယုံကြည်မှု ရှိကြပါတယ်။ ကျွန်တော် ကွင်းထဲဝင်လာရင် အသင်းအတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ သူတို့ ကောင်းကောင်းသိပါတယ်။ ဒါကြောင့် ကျွန်တော့်ဘက်ကလည်း အသင်းအတွက် ရလဒ်ကောင်းတွေ ဖော်ဆောင်ပေးနိုင်ဖို့ပဲ အဓိက လိုတာပါ" လို့ ဆက်စ်ကိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။