The network connection is lost.

Banner Image

အာဆင်နယ်နဲ့ပွဲမှဂိုးအတွက် အီဗရာရဲ့ချီးကျူးမှုကို ဒေါ်ဂူပြန်လည်တုံ့ပြန်

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ဘက်ကို အဝေးကန်ချက်နဲ့ လှလှပပဂိုးသွင်းယူခဲ့တဲ့ ယူနိုက်တက်တောင်ပံကစားသမား ပက်ထရစ်‌ဒေါ်ဂူကို ကလပ်ဂန္ထဝင်နောက်ခံလူဟောင်း ပက်ထရစ်အီဗရာက ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ယခုအခါမှာတော့ ဒေါ်ဂူက တုံ့ပြန်မှုတွေပြန်လည်ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအတွင်း အာဆင်နယ်နဲ့ ယူနိုက်တက်တို့ ၁-၁ နဲ့သရေကျခဲ့ပြီး ဒုတိယပိုင်းစတင်ချိန် မိနစ် ၅၀ မှာတော့ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ဒေါ်ဂူက အသင်းဖော်ဘရူနိုဖာနန်ဒက်စ်နဲ့ အတွဲအဖက်ပြုလုပ်ပြီး ဂိုးဧရိယာအပြင်မှ အပြင်းကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

အဆိုပါ ဒေါ်ဂူရဲ့သွင်းဂိုးဟာ ၂၀၁၄ ခုနှစ်က အီဗရာတစ်ယောက် ဘိုင်ယန်မြူးနစ်ဘက်ကိုသွင်းယူခဲ့တဲ့ နာမည်ကျော်သွင်းဂိုးနဲ့ ပုံစံတူနေတာကြောင့် အီဗရာအနေနဲ့ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဒေါ်ဂူရဲ့အောင်ပွဲခံနေတဲ့ဗီဒီယိုနဲ့အတူ "မင်းဘယ်လိုတွေတောင်လုပ်လိုက်တာလဲ ညီလေး" ဆိုတဲ့စာသားနဲ့အတူ ချီးကျူးခဲ့ပါတယ်။ 

ထို့နောက်မှာတော့ ဒေါ်ဂူကလည်း ကလပ်ဂန္ထဝင်ရဲ့ချီးကျူးမှုကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ "အကောင်းဆုံးလူဆီက သင်ယူခဲ့ရတာပါ။ ဘိုင်ယန်မြူးနစ်နဲ့ပွဲက ခင်ဗျားရဲ့ကန်ချက်ကို ကျွန်တော်မြင်ဖူးပါတယ်" လို့ပြန်လည်ရေးသားခဲ့တာဖြစ်ပါတယ်။ 

ယခုနိုင်ပွဲကြောင့်ယူနိုက်တက်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၁၀ ပွဲနိုင်၊ ၈ ပွဲသရေ၊ ၅ ပွဲရှုံးရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပြီးအမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ အဆိုပါပွဲပြီးကာနီးမှာ ဒေါ်ဂူတစ်ယောက် တံကောက်ကြောဒဏ်ရာရရှိခဲ့ပုံပေါ်ပြီး ခြေထောက်ကိုကိုင်ကာ အသင်းဖော် ဘင်ဂျမင်ဆက်စ်ကိုနဲ့ လူစားလဲခဲ့ရတာကြောင့် စိုးရိမ်မှုတွေရှိခဲ့ပေမယ့် နည်းပြကာရစ်ကတော့ သာမန်ကြွက်တက်ခြင်းသာဖြစ်နိုင်ကြောင်းနဲ့ စိုးရိမ်စရာမဟုတ်ကြောင်း အသိပေးပြောကြားထားပါတယ်။