ဒီလပ်ဟာ ချဲလ်ဆီးကို မသင့်တော်တဲ့အချိန်မှာ ပြောင်းရွှေ့လာမိတယ်လို့ သုံးသပ်လိုက်တဲ့ ဆာဟာ
မန်ယူနိုက်တက်နဲ့ ပြင်သစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဟောင်း လူးဝစ်ဆာဟာက ချယ်လ်ဆီးတိုက်စစ်မှူး လီယမ်ဒီလပ်ရဲ့ လက်ရှိခြေစွမ်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး စကားပြောဆိုခဲ့ပါတယ်။
နွေရာသီ အပြောင်းအရွှေ့တုန်းက အစ်ဝစ်ချ်အသင်းကနေ ပေါင် ၃၀ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒီလပ်ဟာ လန်ဒန်အနောက်ခြမ်းမှာ မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒီလပ်ဟာ အခုချိန်အထိ ပရိသတ်တွေကို စွမ်းဆောင်ရည်ကောင်းပြပြီး ဆွဲဆောင်နိုင်ခြင်း မရှိသေးသလို ၂၃ ပွဲကစားထားရာမှာ ၂ ဂိုးပဲ သွင်းယူထားနိုင်ပါသေးတယ်။ နောက်ဆုံးသွင်းခဲ့တဲ့ ဂိုးကလည်း ဇန်နဝါရီလအစောပိုင်းမှာ ဖူလ်ဟမ်ကို ၂-၁ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။
CasinoHawks နဲ့ အင်တာဗျူးမှာတော့ အသက် ၂၃ နှစ်အရွယ် ဒီလပ်ဟာ ချယ်လ်ဆီးကို အချိန်မှားပြီး ပြောင်းရွှေ့ခဲ့မိတာလို့ ဆာဟာက ယူဆနေပါတယ်။
“ဒါက ဘောလုံးလောကရဲ့ ပြဿနာပဲ။ ဘယ်နည်းပြရဲ့ ပုံစံက တိုက်စစ်မှူးတစ်ယောက် ဒါမှမဟုတ် ကစားသမားတစ်ယောက်နဲ့ အကိုက်ညီဆုံး ဖြစ်မလဲဆိုတာကို ကြိုတင်ခန့်မှန်းဖို့ မလွယ်ပါဘူး။ အခုလည်း အဲဒါကိုပဲ မြင်နေရတာပါ။ ဒီလပ်က တကယ်ကို ပါရမီရှိတဲ့ ကစားသမားတစ်ယောက်ပါ၊ ချယ်လ်ဆီးမှာ သူတောက်ပလာနိုင်တယ်လို့ ကျွန်တော် ထင်ခဲ့ပေမဲ့ အကြောင်းတစ်ခုခုကြောင့် ဖြစ်မလာခဲ့ဘူး။ ဂျာအိုပက်ဒရို ရောက်လာတဲ့အခါမှာလည်း ကစားဟန်က ကွဲပြားသွားပြန်တယ်” လို့ ဆာဟာက ဆိုပါတယ်။
“ဒါဟာ ကစားသမားက မကောင်းလို့ ဒါမှမဟုတ် တခြားကလပ်မှာ အဆင်မပြေနိုင်လို့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ အချိန်ကိုက် မဖြစ်တာမျိုး၊ အခြေအနေ အသွားအလာ မမှန်တာမျိုး ဖြစ်တတ်ပါတယ်။ အသင်းကို ရောက်လာတယ်၊ ဂိုးသွင်းခွင့် တစ်ခုလောက် လွဲချော်သွားတယ်၊ အဲဒီနောက်မှာ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတတ်တာမျိုးပေါ့”
“ဒါကြောင့်လည်း မန်ယူနိုက်တက်ကို ကြည့်မယ်ဆိုရင် အသင်းမှာ ခြေစွမ်းအကောင်းဆုံးဖြစ်နေတဲ့ ကစားသမား ၆ ယောက်၊ ၇ ယောက်၊ ၈ ယောက်လောက် ရှိနေမှသာ တခြားကစားသမားတွေကို ဆွဲတင်ပေးနိုင်မှာပါ။ ဆန့်ကျင်ဘက်တော့ မဟုတ်ဘူးပေါ့။ ခြေစွမ်းကောင်းတဲ့သူ ၄ ယောက်၊ ၅ ယောက်လောက်ပဲ ရှိနေပြီး ကျန်တဲ့သူတွေကို ဆွဲတင်ပေးနိုင်ဖို့ မျှော်လင့်နေလို့ မရပါဘူး၊ အဲဒါက မဖြစ်နိုင်ဘူး။ ကျွန်တော်တို့မှာ ယုံကြည်မှုအပြည့်ရှိပြီး ကစားပုံကောင်းတဲ့ လူစာရင်းအင်အား တောင့်တောင့်တင်းတင်း ရှိဖို့လိုပါတယ်။ အဲဒီအခါကျမှ ယုံကြည်မှု နည်းပါးနေတဲ့ ကစားသမားတွေကို တောက်ပလာအောင် တကယ် ကူညီပေးနိုင်မှာပါ”
“အကယ်၍ ဒီလပ်သာ မန်ယူမှာရှိနေရင်လည်း ဒီအတိုင်းပဲ ဖြစ်မှာပါ။ အသင်းရဲ့ ယုံကြည်မှု ကျဆင်းနေရင် သူ့ရဲ့ ယုံကြည်မှုလည်း ကျနေမှာပဲ။ ဒါပေမဲ့ အသင်းက နိုင်ပွဲတွေရနေမယ်ဆိုရင်တော့ လူတိုင်းက အတူတူ တိုးတက်လာကြမှာပါ”
ဒီလပ်ဟာ ဒီရာသီ ပရီမီယာလိဂ်မှာ ၁ ဂိုးပဲ သွင်းထားနိုင်သေးတာကြောင့် လူငယ်တိုက်စစ်မှူးအပေါ် ဖိအားတွေ များနေပါတယ်။ သူ ခြေစွမ်းပြန်ရလာအောင် ချယ်လ်ဆီးက စောင့်ဆိုင်းပေးနေမှာ မဟုတ်တာကြောင့် ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့မိတာဟာ ဒီလပ်အတွက် နောင်တရစရာ ဖြစ်လာနိုင်ပါတယ်။