ချန်ပီယံလိဂ်ဝင်ခွင့်ရရင် ဟွိုက်လန်းကို အပြီးသတ်ဝယ်မယ့် နာပိုလီ
မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ တိုက်စစ်မှူး ရက်စ်မက်စ်ဟွိုက်လန်းဟာ နာပိုလီအသင်းဆီကို အပြီးသတ်ပြောင်းရွှေ့လာလိမ့်မယ်လို့ ယုံကြည်မှုအပြည့်ရှိနေပါတယ်။ နာပိုလီအားကစားဒါရိုက်တာ ဂျီယိုဗန်နီမန်နာကတော့ ဟွိုက်လန်းဟာ သူ့ကိုယ်သူ နာပိုလီကစားသမားတစ်ယောက်လို့ ခံယူထားပြီးပြီမို့ အသင်းမှာ အပြီးသတ်ဆက်ရှိနေမှာပါလို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ နည်းပြ အန်တိုနီယိုကွန်တီ လက်အောက်မှာ ပွဲ ၂၀ ကစားပြီး ၉ ဂိုးသွင်းယူထားကာ စီးရီးအေမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ နာမည်ကြီးကလပ်အသင်းတွေက စိတ်ဝင်စားနေတဲ့ကြားကနေ နာပိုလီကိုပြောင်းလာချင်တဲ့ ဟွိုက်လန်းရဲ့ဆန္ဒက အဓိကကျခဲ့တယ်လို့ မန်နာက Corriere dello Sport ကို ဖွင့်ဟခဲ့ပါတယ်။ ဒီသဘောတူညီချက်မှာ ယူရို ၄၄ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ပါဝင်ပြီး နာပိုလီသာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့မယ်ဆိုရင်တော့ မဖြစ်မနေဝယ်ယူရမယ့်အချက် ဖြစ်လာမှာပါ။
မန်နာကတော့ ဒီအချက်ကိုပြည့်မီဖို့ အတော်လေး အကောင်းမြင်နေပုံရပါတယ်။ မန်နာက"ကျွန်တော်တို့သာ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် မဖြစ်မနေဝယ်ယူရမယ့်အချက်ပါသလို၊ ပုံမှန်ဝယ်ယူခွင့်လည်း ရှိပါတယ်။ ကစားသမားကိုယ်တိုင်က သူ့ကိုယ်သူ နာပိုလီကစားသမားလို့ ခံယူထားသလို၊ ကျွန်တော်တို့ဘက်ကလည်း အတူတူပါပဲ။ ဒါက တကယ့်ကို အရေးကြီးပါတယ်" လို့ ဆိုပါတယ်။
အပြီးသတ်ပြောင်းရွှေ့ဖို့က သေချာသလောက်ဖြစ်နေပြီလားလို့ မေးတဲ့အခါမှာတော့ မန်နာက "ဒီနေ့အခြေအနေအရဆိုရင်တော့ ဟုတ်တယ်လို့ပဲ ထင်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။ ဟွိုက်လန်းသာ အပြီးသတ်ပြောင်းလာမယ်ဆိုရင်တော့ ယူနိုက်တက်ကနေထွက်ခွာလာပြီး နာပိုလီမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ မက်တိုမီနေးနဲ့ ဆက်လက် လက်တွဲရမှာဖြစ်ပါတယ်။