The network connection is lost.

Banner Image

ချဲလ်ဆီးတိုက်စစ်မှူး ဂျက်ဆန်ကိုခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို ဘိုင်ယန်ဥက္ကဌ ငြင်းဆန်

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဌ မက်ဇ်အီဘရယ်လ်က ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးတိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်ကိုခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လာခဲ့ပါတယ်။ နာမည်ကျော်ဂျာနယ်လစ် ဖလော်ရီယန်ပလက်တန်ဘာ့ဂ်ရဲ့အဆိုအရ ဘိုင်ယန်မြူးနစ်ဟာ ဂျက်ဆန်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်ထားပြီး ကစားသမားရဲ့တန်ကြေးကို ချဲလ်ဆီးက ပေါင် ၅၆ သန်းအထိသတ်မှတ်ထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး ပလက်တန်ဘာ့ဂ်က ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကလည်း အသင်းမှထွက်ခွာဖွယ်ရှိတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ရဲ့နေရာမှာ ဂျက်ဆန်ကို အလားအလာရှိတဲ့အစားထိုးမှုအဖြစ် ရှုမြင်ထားတယ်လို့ဆိုပါတယ်။

Sky Sports သတင်းဌာနကလည်း အီတလီထိပ်သီးကလပ်တွေဖြစ်တဲ့ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့ဟာ အသက်-၂၄ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း ဖော်ပြထားကြပါတယ်။ ဂျက်ဆန်ဟာ သူ့အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာဆက်နေပြီး ကစားသမားဘဝ ရှေ့ဆက်လိုကြောင်း ပြောကြားထားပေမယ့် အသင်းနည်းပြ အန်ဇိုမာရက်စ်ကာတော့ အသင်းမှာဆက်လက်အသုံးပြု ဖို့ ဆန္ဒရှိပုံမရပါဘူး။ ယခုနွေရာသီအတွင်းချဲလ်ဆီးဟာ တိုက်စစ်မှူးတွေဖြစ်တဲ့ လီယမ်ဒီလပ်နဲ့ ဂျာအိုပက်ဒရိုတို့ကို ခေါ်ယူထားပြီးဖြစ်တာကြောင့် ဂျက်ဆန်အနေနဲ့ အသင်းမှာဆက်နေပါက နေရာအတွက် ရုန်းကန်သွားရဖွယ်ရှိပါတယ်။

တော့တင်ဟမ်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်အပြီးမှာ အသင်းဟာ နီကိုးလက်စ်ဂျက်ဆန်ကို ခေါ်ယူဖို့ကြိုးစားနေသလားလို့ မေးမြန်းခဲ့ရာ ဘိုင်ယန်မြူးနစ်အကြီးအကဲ မက်ဇ်အီဘရယ်လ်က "လုံးဝ မဟုတ်ပါဘူး။ ကျွန်တော် သူနဲ့လည်း တစ်ခါမှစကားမပြောဖူးပါဘူး။ အပြောင်းအရွှေ့ကာလက ၄ ပတ်လောက်အထိအချိန်ကျန်ပါသေးတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီး ယတိပြတ်ပြောလို့မရသေးပါဘူး။ ဘာတွေဖြစ်လာမလဲစောင့်ကြည့်ဖို့လိုသလို၊ အသင်းနဲ့ပတ်သက်ပြီးဘာတွေဖြစ်နေလဲ စောင့်ကြည့်ရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။

ဂျက်ဆန်ဟာ  ချဲလ်ဆီးနဲ့ ၂၀၃၃ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် ယခုနွေရာသီမှာပဲ လမ်းခွဲဖို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။ နည်းပြအန်ဇိုမာရက်စ်ကာကလည်း "အပြောင်းအရွှေ့ကာလအတွင်းမှာတော့ ကံကောင်းတာရော၊ ကံဆိုးတာရော ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒီလိုဘာမဆိုဖြစ်သွားနိုင်တဲ့အထဲမှာ ဂျက်ဆန်လည်းပါဝင်ပါတယ်။ လောလောဆယ် အသင်းမှာ တိုက်စစ်မှူးသစ် ၂ ဦးထပ်ရလာပါပြီ။ ဂျာအိုပက်ဒရိုနဲ့ လီယမ်ဒီလပ်တို့ပါ။ ဒီတော့ ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ရမှာပေါ့" လို့ပြောကြားထားပါတယ်။ 

ဆီနီဂေါလက်ရွေးစင်ဂျက်ဆန်ဟာ ၂၀၂၃ ခုနှစ်မှာ ဗီလာရီးရဲလ်မှ ချဲလ်ဆီးသို့ ပေါင် ၃၂ သန်းနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ ၁၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ပွဲ ၃၀ ကစားခဲ့ရာမှာတော့ ၁၀ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။