The network connection is lost.

Banner Image

အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲဆက်လက်ယှဉ်ပြိုင်ဖို့ ယာယီငြင်းဆန်ခဲ့တဲ့ ဆီနီဂေါအသင်း ဝေဖန်ခံနေရ

အခုနှစ်၊ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲကိုတော့ ပွဲမပြီးဆုံးခင် ကွင်းတွင်းမှထူးထူးခြားခြားထွက်ခွာသွားတဲ့ ဆီနီဂေါအသင်းရဲ့လုပ်ရပ်က လွှမ်းမိုးနေခဲ့ပါတယ်။ ဆီနီဂေါရဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဗိုလ်လုပွဲဆက်လက်ယှဉ်ပြိုင်ကစားရန် ယာယီအားဖြင့်ငြင်းဆန်ခဲ့မှုကို “အာဖရိကဘောလုံးလောကအတွက် ရှုမြင်ချင်စရာမြင်ကွင်းမျိုး မဟုတ်ဘူး”လို့ တံဆိပ်ကပ်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့၊ မော်ရိုကိုနဲ့ ဆီနီဂေါတို့ ထပ်တိုက်ရင်ဆိုင်တဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဗိုလ်လုပွဲက ဂိုးမရှိသရေရလဒ်နဲ့အတူ သာမန်ပွဲကစားချိန်ကုန်ဆုံးချိန် ဗရုတ်သုတ်ခဖြစ်စဉ်အချို့ ပေါ်ပေါက်ခဲ့ပါတယ်။ နာကျင်အချိန်ပိုရှစ်မိနစ်အတွင်း ဆီနီဂေါရဲ့ဦးဆောင်ဂိုးကို ပယ်ဖျက်ပြီးနောက် တခဏအကြာမှာပဲ အိမ်ရှင်နိုင်ငံအသင်းအတွက် အငြင်းပွားဖွယ်ရာပယ်နယ်တီအခွင့်အရေးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

မာလစ်ခ်ဒီအော့ဖ်က ဘရာဟင်ဒီယက်ဇ်ကို ဂိုးဧရိယာအတွင်းဆွဲလှဲချတယ်ဆိုတဲ့ စွဲချက်နဲ့အတူ ပယ်နယ်တီသတ်မှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်မှုကြောင့် ဆီနီဂေါနည်းပြပါပီသီအောက အငြင်းပွားဖွယ်ပယ်နယ်တီမကန်သွင်းခင် ကွင်းတွင်းမှထွက်ခွာလာဖို့ သူ့ရဲ့ကစားသမားတွေဆီ အမိန့်ပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ခေါင်းအေးအေးထားနိုင်လာတဲ့ ဆီနီဂေါနည်းပြနဲ့အတူ မာနေးဦးဆောင်တဲ့ ဆီနီဂေါကစားသမားတွေက ကွင်းတွင်းပြန်ဝင်ရောက်လာကာ ဘရာဟင်ဒီယက်ဇ်ရဲ့ပယ်နယ်တီကန်ချက်ကို ဂိုးသမားမန်ဒီကာကွယ်နိုင်ခဲ့ပြီးနောက် သူတို့ရဲ့စိတ်ပျက်နေမှုတွေကို ဝမ်းမြောက်ပျော်ရွှင်မှုအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

နိုင်ဂျီးရီးယားတိုက်စစ်မှူးဟောင်းအီကိုကူကတော့ ဗိုလ်လုပွဲဆက်ကစားဖို့ ယာယီအားဖြင့်ငြင်းဆန်ခဲ့တဲ့ သီအောနဲ့ ဆီနီဂေါကစားသမားတွေကို ဝေဖန်ခဲ့ပါတယ်။ အီကိုကူက “ တကယ်တော့ ပယ်နယ်တီပေးလိုက်တဲ့ဆုံးဖြတ်ချက်က ပျော့ပြောင်းလွန်းပါတယ်။ ဒါက မာလစ်ခ်ဒီအော့ဖ်ရဲ့ အဆင်အခြင်မဲ့ပြီး မိုက်မဲတဲ့အပြုအမူတစ်ခုပါ။ ဒါပေမဲ့ ဆုံးဖြတ်ချက်တစ်ခု ပေါ်ပေါက်လာပြီဖြစ်လို့ ကစာသမားတွေကိုယ်တိုင်လည်း ဒီဆုံးဖြတ်ချက်ကို လိုက်နာရပါမယ်။

အခုလိုမျိုး ကွင်းတွင်းမှထွက်ခွာသွားလို့ မရပါဘူး။ မင်းကိုယ်တိုင် ဘယ်လောက်ပဲစိတ်ထိခိုက်နေပါစေ၊ ဒိုင်လူကြီးနဲ့စည်းမျဉ်းစည်းကမ်းတွေကို ဆုံးဖြတ်ချက်ချခွင့် ပေးရပါမယ်။ ကျွန်တော်မှာလည်း ကိုယ်ချင်းစာနာစိတ်အချို့ရှိပါတယ်။ ဒါပေမဲ့ အခုလိုထွက်ခွာသွားမှုမျိုးဆိုတာ မြင်ချင်တဲ့မြင်ကွင်းတော့ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

ချဲလ်ဆီးနဲ့ နိုင်ဂျီးရီးယားကွင်းလယ်လူဟောင်းမီခေးလ်ကလည်း စိတ်ပျက်မှုအပေါ် နားလည်ပေးနိုင်ပေမယ့် ကွင်းတွင်းမှ ဆီနီဂေါကစားသမားတွေထွက်ခွာသွားတဲ့ပုံရိပ်ကို မမြင်တွေ့ချင်ဘူးလို့ ပြောပါတယ်။ ဘရာဟင်ဒီယက်ဇ်ရဲ့ပယ်နယ်တီလွဲချော်မှုကြောင့် ဗိုလ်လုပွဲကို အချိန်ပိုအထိ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး ဂူယီရဲ့အဖိုးတန်သွင်းဂိုးက ဆီနီဂေါအတွက် ဒုတိယမြောက်အာဖရိကတိုက်ချန်ပီယံဆုအောင်ပွဲကို ဖန်တီးပေးခဲ့ပါတယ်။