ဘွန်ဒက်စ်လီဂါက ထင်သလောက်မလွယ်ကူကြောင်း ပြောကြားလာတဲ့ ကွန်ပနီ
စနေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ အော့စ်ဘတ်ကို ၁-၂ နဲ့ အံ့အားသင့်ဖွယ်အရေးနိမ့်ပြီးနောက် ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက ဂျာမန်ဘွန်ဒက်စ်လီဂါကို လျှော့တွက်လို့မရကြောင်းနဲ့ ထင်သလောက် မလွယ်ကူကြောင်း ပြောကြားလာခဲ့ပါတယ်။
ကွန်ပနီအနေနဲ့ အော့စ်ဘတ်ကို အရေးနိမ့်ခဲ့ခြင်းက စိတ်ပျက်စရာဖြစ်ပေမယ့် အသင်းရဲ့ ကစားဟန်ကိုတော့ ကျေနပ်အားရမိကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ကွန်ပနီက "ဒီပွဲရလဒ်က ဘွန်ဒက်စ်လီဂါဟာ မလွယ်ကူကြောင်းနဲ့ ပွဲစဉ်တိုင်းက စိန်ခေါ်မှုရှိနေတယ်ဆိုတဲ့ သက်သေပါပဲ။ ပထမပိုင်းမှာ အသင်းက ကစားပုံတည်ငြိမ်ခဲ့ပေမယ့် ဖန်တီးမှု အားနည်းခဲ့ပါတယ်။ ၁၃ ရက်အတွင်း ၅ ပွဲအထိကစားခဲ့ရလို့ ဒီနေ့ပွဲမှာ ထူးထူးခြားခြား ခြေစွမ်းမပြနိုင်ရင်တောင် ရလဒ်ကောင်းတစ်ခုတော့ ရနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။ စွမ်းဆောင်ရည်ကို ကျေနပ်မိပေမယ့် ရလဒ်ကိုတော့ စိတ်ပျက်မိပါတယ်"
"ဒုတိယပိုင်းမှာဆို ကျွန်တော်တို့ ပြီးခဲ့တဲ့ပွဲတွေကလို စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ပါဘူး။ အော့စ်ဘတ်အတွက်တော့ ဂုဏ်ယူပါတယ်။ ဒါက ဘောလုံးရဲ့သဘာဝပါပဲ။ အခုအရေးကြီးတာက ဒီရှုံးပွဲအတွက် နောက်ပွဲမှာ ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီဘွန်ဒက်စ်လီဂါရှုံးပွဲမရှိစံချိန် ကျိုးပျက်သွားခဲ့ပေမယ့် ကွန်ပနီကတော့ "ရှုံးပွဲမရှိစံချိန်က သိပ်အရေးမကြီးပါဘူး။ ဒါပေမယ့် နောက်ထပ် ၁၀ လလောက်အထိ ရှုံးပွဲမရှိဆက်သွားနိုင်မယ်ဆိုရင် အဆင်ပြေတာပေါ့။ ဒီကလပ်နဲ့အတူ အောင်မြင်မှုတွေအများကြီးရချင်ပါတယ်။ ကျွန်တော်တို့ ဆုဖလားတွေဆက်တိုက်ဆွတ်ခူးနေမယ်ဆိုရင် ရှုံးပွဲမရှိစံချိန်မရလည်း ကျွန်တော်လက်ခံနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အသင်းရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လ်ဂျီယံသားနည်းပြက "ရက် ၂၀ အတွင်း ၇ ပွဲအထိကစားခဲ့ရလို့ ကစားသမားတစ်ယောက် ဒဏ်ရာရပြီး ၁ ပတ်လောက်နားလိုက်ရရင် ၃ ပွဲလော်ကအထိ လွဲချော်သွားတတ်ပါတယ်။ ဒါပေမယ့် ရှုံးပွဲက ဒဏ်ရာပြဿနာနဲ့မဆိုင်ပါဘူး။ ဒါကို ဆင်ခြေအနေနဲ့ မပြောလိုပါဘူး။ အသင်းမှာ ရေရှည်ဒဏ်ရာပြဿနာမျိုးမရှိတာတော့ ကံကောင်းတယ်လို့ပြောရပါမယ်။ ရှိသမျှ ကစားသမားအင်အားနဲ့ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။