အယ်လန်ရုဒ်မှာ ပိုကောင်းတဲ့အသင်း မဖြစ်ခဲ့ပါဘူးလို့ ဝန်ခံလိုက်တဲ့ ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာ
အယ်လန်ရုဒ်မှာ လိဒ်ယူနိုက်တက်နဲ့ရင်ဆိုင်ချိန် ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပွဲစဉ်ရဲ့ကဏ္ဍစုံမှာ အိမ်ရှင်တွေဟာ ချဲလ်ဆီးထက် ပိုမိုကောင်းမွန်ခဲ့တယ်လို့ နည်းပြအန်ဇိုမာရက်စ်ကာက ဝန်ခံပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်မှာ လိဒ်က ဘောလုံးပိုင်ဆိုင်မှုရာခိုင်နှုန်းနည်းပါးခဲ့ပေမယ့် ချန်ပီယံပြေးလမ်းပေါ်မှာရှိနေတဲ့ အပြာရောင်တပ်သားတွေအတွက် ပြဿနာပေါင်းစုံဖန်တီးပေးခဲ့ပါတယ်။
ဘီဂျိုးလ်၊ တာနာကာနဲ့ ကယ်လ်ဗတ်လီဝင်တို့ရဲ့သွင်းဂိုးတွေက အနည်းဆုံးတော့ ဒင်နီရယ်ဖာကီရဲ့အသင်းကို တန်းဆင်းဇုန်မှရုန်းထွက်စေနိုင်မယ့် အဖိုးတန်အနိုင်သုံးမှတ်ကို ဖန်တီးပေးခဲ့ပါတယ်။ အန်ဇိုမာရက်စ်ကာက “ ကျွန်တော့်အမြင် ပြိုင်ဘက်တွေက ကဏ္ဍစုံမှာ ကျွန်တော်တို့အသင်းထက် ပိုကောင်းခဲ့တယ်လို့ ထင်ပါတယ်။ အခုပွဲစဉ်ရဲ့အနိုင်ရလဒ်က သူတို့တွေနဲ့ ထိုက်တန်ခဲ့ပါတယ်။
ဒီပွဲစဉ်မှတဆင့် ကျွန်တော်တို့အတွက် ဘာအကျိုးရလဒ်မှ မယူနိုင်ပါဘူး။ အမှားတွေကို နားလည်ပြီး ပြန်လည်ပြင်ဆင်သွားဖို့ပဲ လိုအပ်ပါတယ်။ လာမယ့် ၄၈ နာရီအတွင်း နောက်ထပ်တစ်ပွဲကစားရပါဦးမယ်။ အာဆင်နယ်၊ ဘာစီလိုနာတို့နဲ့ရင်ဆိုင်ရချိန် ကျွန်တော်တို့တွေ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပေမယ့် ပွဲစဉ်တိုင်းမှာ အဲ့ဒီလိုမျိုးကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီလိုအဆင့်အတန်းမျိုး အမြဲတမ်းမဖြစ်နိုင်ပါဘူး။ အဝေးကွင်းမှာလာကစားရတဲ့ ဘယ်အသင်းမဆို ရာနှုန်းပြည့်စွမ်းဆောင်နိုင်မှုမရှိဘူးဆိုရင် ပရီးမီးယားလိဂ်ဆိုတာ ခက်ခဲသွားပါလိမ့်မယ်။
ဘာစီလိုနာ၊ အာဆင်နယ်တို့နဲ့ နှစ်ပွဲဆက်ကစားပြီးနောက် ပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုးကို ခင်ဗျားတို့ မျှော်လင့်ကြမယ်ဆိုတာ သံသယမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ကစားသမားတွေကို ပြောင်းလဲခဲ့ပါတယ်။ ဘယ်ကစားသမားကမှ သုံးရက်တစ်ပွဲနှုန်းကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကစားသမားတွေဆိုတာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့က သူတို့ကို ပွဲစဉ်တိုင်း အသုံးမပြုနိုင်ပါဘူး။ ဒါက မဖြစ်နိုင်သလို ကစားသမားတွေကိုယ်တိုင်လည်း ဒဏ်ရာရရှိပြီး ကာလရှည်အနားယူသွားရနိုင်ပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး လိဒ်ရဲ့နှစ်ဂိုးပြတ်ဦးဆောင်မှုခံထားရချိန် အန်ဇိုမာရက်စ်ကာက ဂတ်မန်ဆန်နဲ့ တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲမှာ ရှုံးနိမ့်ပြီး ပိုမိုစိတ်ပျက်စရာဖြစ်လာတဲ့ အက်စ်တီဗာအိုကို လူစားလဲလှယ်ခဲ့ပါတယ်။ ချဲလ်ဆီးလူငယ်ကြယ်ပွင့်က ပထမပိုင်းပွဲချိန်အတွင်း လိဒ်ဘယ်နောက်ခံလူကို ခြေထောက်ဖြင့်ကန်ကျောက်ခဲ့လို့ အဝါကတ်ပြသခံခဲ့ရပါတယ်။
အန်ဇိုမာရက်စ်ကာ “ ပရီးမီးယားလိဂ်ရဲ့ကြိုဆိုမှု၊ လိဒ်ရဲ့ကြိုဆိုမှုနဲ့ရင်ဆိုင်ရချိန် အက်စ်တီဗာအိုရဲ့ခံစားမှု အနည်းငယ်ရှုပ်ထွေးသွားတယ်လို့ ထင်ပါတယ်။
သူ့အတွက် သက်ရောက်မှုကြီးမားတယ်လို့ ထင်ပါတယ်။ သူ့ကို လူစားလဲလှယ်ခဲ့ရတဲ့အကြောင်းပြချက်က သူဟာ အဝါကတ်ပြသခံထားရပြီး တခါတရံ စိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့ ရုန်းကန်နေရလို့ပဲ ဖြစ်ပါတယ်။ အသက်-၁၈ နှစ်အရွယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အနီကတ်ကို ရှောင်လွှဲနိုင်ဖို့ သူ့ကို လူစားလဲလှယ်တာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ချဲလ်ဆီးနည်းပြက သူ့ရဲ့ကစားသမားတွေ ခြေစွမ်းမပြနိုင်ဘူးဆိုတာ ဝန်ခံခဲ့ပေမယ့် လိဒ်ယူနိုက်တက်အတွက်လည်း အနိုင်သုံးမှတ်နဲ့ထိုက်တန်ပါတယ်လို့ ဆိုပါတယ်။ မာရက်စ်ကာက “ ဒီညမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သူ မရှိပါဘူး။ နက်တို၊ ဂါနာချိုတို့က ဒုတိယပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့အတွက် အကောင်းဆုံးကစားသမားတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းနှစ်ကြိမ်ရရှိခဲ့ပေမယ့် လိဒ်ရဲ့တတိယမြောက်ဂိုးက ဒီပွဲစဉ်ရဲ့အဆုံးအဖြတ် ဖြစ်သွားပါတယ်။ ကျွန်တော်တို့အတွက် အလွန်ဆိုးရွားတဲ့ ညတစ်ခုလို့ ထင်ပါတယ်။ တစ်ခုခုရှာဖွေဖို့ ရုန်းကန်ခဲ့ရတဲ့ပွဲစဉ်တစ်ခု ဖြစ်ပါတယ်။ လိဒ်က ဘောလုံးပိုင်ဆိုင်ထားချိန်၊ ဘောလုံးဆုံးရှုံးသွားချိန်၊ တစ်ဦးချင်းရင်ဆိုင်ရတဲ့အခိုက်တွေနဲ့ Second ball တွေမှာ ကျွန်တော်တို့ထက် အများကြီးပိုကောင်းခဲ့ပါတယ်”လို့ ပြောပါတယ်။