ခံစစ်အားသန်လွန်းတာကြောင့် နည်းပြရာထူးက အထုတ်ခံရဖူးသူ ရိုဆင်နာရဲ့ နည်းပြဘ၀အကြောင်းတစေ့တစောင်း
၂၀၀၄ ခုနှစ်က "ခံစစ်မှာ ဘတ်စ်ကားထိုးထားတယ်" ဆိုတဲ့ စကားလုံးကို ဂျိုဆေး မော်ရင်ဟိုက ချဲလ်ဆီးမှာ စတင်သုံးနှုန်းခဲ့တာ အားလုံးမှတ်မိကြဦးမှာပါ။ အခုတော့ ဆယ်စုနှစ် နှစ်ခုအကြာမှာ အဲဒီ "The Special One" ရဲ့ တပည့်ရင်းတစ်ယောက်က စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာပြီး နည်းပြလုပ်ပါတော့မယ်။ ထူးခြားတာက သူဟာ တစ်ချိန်က ခံစစ်ကိုပဲ အသားပေးလွန်းလို့၊ တိုက်စစ်မဆင်လို့ဆိုပြီး အသင်းဟောင်းကနေ အငြင်းပွားဖွယ် ထုတ်ပယ်ခံခဲ့ရဖူးသူ ဖြစ်နေတာပါ။
အသက် ၄၁ နှစ်အရွယ် လီယမ်ရိုဆင်နာ... သူဟာ အခုဆိုရင် အန်ဇိုမာရက်စကာရဲ့ နေရာမှာ အစားထိုးဖို့အတွက် သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် အကြီးမားဆုံး တာဝန်ကို လက်ခံဖို့ ပြင်ဆင်နေပါပြီ။ လွန်ခဲ့တဲ့ ၇ နှစ်ကျော်က သူရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ သူ့ရဲ့ အတွေးအခေါ်တွေကို မြင်ခဲ့ရဖူးပါတယ်။ ရိုဆင်နာက ဂွါဒီယိုလာတို့၊ ကလော့ပ်တို့ရဲ့ လှပတဲ့ ကစားဟန်ကို အားကျပေမဲ့ မော်ရင်ဟိုရဲ့ လက်တွေ့ဆန်တဲ့ အောင်မြင်မှုတွေကို ပိုပြီး တန်ဖိုးထားခဲ့တာပါ။ "လှပရုံတင်မကဘဲ လက်တွေ့လည်း ဆန်ရမယ်" ဆိုတာက သူ့ရဲ့ နည်းပြဘဝ ရည်မှန်းချက် ဖြစ်နေခဲ့တာပေါ့။
ရိုဆင်နာက"တက်သစ်စ နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော့်အသင်းကို ဘယ်လိုကစားစေချင်တယ်ဆိုတာကို ကျွန်တော် သေချာနားလည်ထားပါတယ်။ Guardiola၊ Klopp နဲ့ Mauricio Pochettino တို့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ကျွန်တော် လေးစားအားကျမိပါတယ်။ တစ်ချိန်တည်းမှာပဲ Mourinho ကို ကြည့်လိုက်ရင် သူဟာ ကျွန်တော်တို့ အားလုံးချစ်မြတ်နိုးတဲ့ ဘောလုံးအားကစားအပေါ်မှာ သိပ်ပြီး စိတ်လှုပ်ရှားစရာ မကောင်းတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ သူ့ရဲ့ သက်တမ်းတစ်လျှောက် ဘာတွေအောင်မြင်ခဲ့သလဲဆိုတာကို ကျွန်တော် မြင်နေရပါတယ်။"လို့ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ ဟားစီးတီးမှာတုန်းကတော့ သူ့ရဲ့ လက်တွေ့ဆန်မှုကပဲ သူ့ကို အလုပ်ပြုတ်စေခဲ့ပါတယ်။ အသင်းကို တန်းမဆင်းရအောင် ကယ်တင်ပေးခဲ့ပြီး ပလေးအော့ဖ်အဆင့်နဲ့ သုံးမှတ်အကွာအထိ ပို့ဆောင်ပေးခဲ့ပေမဲ့ အသင်းပိုင်ရှင်က သူ့ကို ထုတ်ပစ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ "ဂိုးမရှိသရေကျပြီး ပျင်းစရာကောင်းနေတာထက် ၃-၂ ဂိုးနဲ့ ရှုံးတာကိုပဲ ပိုလိုချင်တယ်" ဆိုတဲ့ အသင်းပိုင်ရှင်ရဲ့ တိုက်စစ်ဆင်လိုစိတ်ကို ရိုဆင်နာက မဖြည့်ဆည်းပေးနိုင်ခဲ့လို့ပါပဲ။
ဟားလ်စီးတီးပိုင်ရှင် Acun Ilicali က "ကျွန်တော်က တိုက်စစ်ဆင်တဲ့ ဘောလုံးမျိုးကို လိုချင်တာပါ။ တိုက်စစ်ဆင်ပြီး ကြည့်လို့ကောင်းတဲ့ အသင်းမျိုး ဖြစ်စေချင်တာပါ။ ဒီကလပ်ကို ဝယ်ယူခဲ့တဲ့ ပထမဆုံး မိနစ်ကတည်းက ကျွန်တော် ဒါကို ပြောခဲ့ပြီးသားပါ။ ပျင်းစရာကောင်းတဲ့ ၀-၀ ရလဒ်ထက် ၃-၂ နဲ့ ရှုံးတာကိုပဲ ကျွန်တော် ပိုလိုလားပါတယ်။ အမှတ်တွေပဲ တွက်ချက်ပြီး ပွဲတိုင်းကို ၀-၀ နဲ့ သရေကစားနေမယ်ဆိုရင် ခင်ဗျားတို့ တန်းဆင်းရမှာပဲ။ တကယ်လို့ ၃-၂ နဲ့ ရှုံးခဲ့မယ်ဆိုရင် နောက်တစ်ပွဲမှာ ၄-၁ နဲ့ ပြန်နိုင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။"လို့ ပြောခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ပြင်သစ်က စထရာဘော့ကို ရောက်သွားတဲ့အခါမှာတော့ သူဟာ အသစ်တစ်ယောက်လို ပြောင်းလဲသွားပါတယ်။ ၃-၄-၃ ကစားကွက်နဲ့ တိုက်စစ်ကို ပိုအားပြုလာတယ်၊ ကစားသမားတွေကို တောင်ပံကနေ အားပြုပြီး ကလော့ပ်ရဲ့ စတိုင်မျိုးနဲ့ ပြိုင်ဘက်ကို ဖိအားပေးလာတယ်။ အဓိကကတော့ ချဲလ်ဆီးပိုင်ရှင်တွေရဲ့ BlueCo စနစ်ထဲမှာ လူငယ်တွေနဲ့ ဘယ်လိုရလဒ်ကောင်းအောင် လုပ်ရမလဲဆိုတာ သူ သက်သေပြနိုင်ခဲ့တာပါ။
အဲဒီမှာ ချဲလ်ဆီးကစားသမားဟောင်း ဒီယေဂိုမိုရီးယား အပါအဝင် တောင်ပံကစားသမားတွေကို တိုက်စစ်ဆင်တဲ့ နောက်ခံလူတွေအဖြစ် အသုံးချခဲ့ပါတယ်။ ပြီးတော့ Chelsea ကနေ အငှားချထားတဲ့ ဂိုးသမား မိုက်ပန်ဒါစ် ကိုလည်း စတုတ္ထမြောက် နောက်ခံလူတစ်ယောက်လိုမျိုး လက်တွေ့ကျကျ အသုံးချခဲ့ပါတယ်။
ပြင်းပြင်းထန်ထန် ကြိုးစားတတ်တဲ့ ပက်ဒရိုနက်တိုဟာလည်း Chelsea မှာ အဲဒီလို ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးကို ကိုင်တွယ်ရတာကတော့ တစ်ခြားအသင်းတွေနဲ့ မတူပါဘူး။ ရိုဆင်နာဟာ မာရက်စကာတို့၊ တူချယ်တို့လိုပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့သူပါ။ "လူငယ်ဖြစ်နေတာက ညံ့ဖျင်းတဲ့ ခြေစွမ်းအတွက် ဆင်ခြေမဟုတ်ဘူး" လို့ သူက ပြတ်ပြတ်သားသား ပြောလေ့ရှိပါတယ်။ ဒီစကားကိုပဲ လာမယ့်လတွေမှာ ကျွန်တော်တို့ ခဏခဏ ကြားရဖို့ ရှိနေပါတယ်။
Chelsea ရဲ့ သမိုင်းကြောင်းကို ကြည့်ရင်တော့ ဒီ လန်ဒန်သားလေးဟာ မာရက်စ်ကာတို့လိုလမ်းစဉ်အတိုင်း သွားလိမ့်မယ်လို့ ခန့်မှန်းရတာဟာ သိပ်တော့ မဆန်းပါဘူး။ ကောင်းမွန်တဲ့ စတင်မှုတစ်ခု၊ အဲဒီနောက်မှာတော့ ပုံမှန်အားဖြင့် လာမယ့် ဒီဇင်ဘာလလောက်မှာ ခြေစွမ်းကျဆင်းမှုတွေ ဖြစ်လာပြီး၊ အသင်းပိုင်ရှင်တွေနဲ့ သဘောထားကွဲလွဲမှုကြောင့် ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုရင်း ရာထူးကနေ ထုတ်ပယ်ခံရတာမျိုး ဖြစ်နိုင်ပါတယ်။
နောက်ထပ် လူမသိသေးတဲ့ အချက်တစ်ခုက သူဟာ လန်ဒန်သားဖြစ်ပေမဲ့ မန်ယူပရိသတ်တစ်ယောက် ဖြစ်နေတာပါ။ ဆာအဲလက်စ်ဖာဂူဆန်ကို သူ့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားပြီး မန်ယူက အာမိုရင်ကို ထုတ်ပစ်လိုက်ချိန် သူသာ ချဲလ်ဆီးဆီ မရောက်လာရင် အိုးထရပ်ဖို့ဒ်ကိုတောင် ရောက်သွားနိုင်တဲ့သူပေါ့။
ရိုဆင်နာက"ကျွန်တော့်ရဲ့ ဘဝသူရဲကောင်းက Sir Alex Ferguson ပါ။ သူ ဒီမှာ ဘာတွေ အောင်မြင်ခဲ့သလဲဆိုတဲ့ သမိုင်းကြောင်းကို နားလည်မယ်ဆိုရင်ပေါ့
ကျွန်တော်ဟာ မွေးကတည်းက မန်ယူပရိသတ်တစ်ယောက်ပါ။ အဲဒါကြောင့် ဒီကွင်းထဲက လှေကားတွေပေါ် လမ်းလျှောက်တက်ရင်း ဓာတ်ပုံတွေကို မြင်ရတာဟာ ကျွန်တော့်အတွက်တော့ ကြက်သီးထစရာပါပဲ။ အခု ဒီမှာ ကိုယ်တိုင် နည်းပြတစ်ယောက်အနေနဲ့ ရှိနေရတာကို ဂုဏ်ယူမိပါတယ်။"လို့ ပြောခဲ့ပါတယ်။
ဝိန်းရွန်းနီကတော့ ရိုဆင်နာဟာ အင်္ဂလန်နည်းပြငယ်တွေထဲမှာ အတော်ဆုံးတစ်ယောက်ဖြစ်ပြီး ဒီအခွင့်အရေးနဲ့ ထိုက်တန်တယ်လို့ ထောက်ခံထားပါတယ်။ ရွန်းနီက"သူ့ရဲ့ အသေးစိတ်ကျမှုတွေ၊ နေ့စဉ်အလုပ်အပေါ် ချဉ်းကပ်ပုံတွေက ကျွန်တော် အတူတူ အလုပ်လုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ။ သူဟာ ဒီလို အခွင့်အရေးမျိုးကို စောင့်ဆိုင်းနေခဲ့တာပါ။
တကယ်လို့ အခု ဒီအခွင့်အရေးကို မယူဘူးဆိုရင် ဘယ်တော့မှ ယူဖြစ်တော့မှာ မဟုတ်ပါဘူး။ သူဟာ ဒီအလုပ်ကို ရဖို့အတွက် လိုအပ်တဲ့ အတွေ့အကြုံတွေကိုလည်း သေချာဆည်းပူးခဲ့ပြီးပြီလို့ ကျွန်တော် ထင်ပါတယ်။ အဲဒါကြောင့် သူဟာ ဒီအလုပ်ကို လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို သူ့ကိုယ်သူ သံသယရှိမှာ မဟုတ်ပါဘူး။ မကြာခင်မှာပဲ သူ နည်းပြဖြစ်လာပြီဆိုတဲ့ သတင်းကို ကြားရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန် နည်းပြလူငယ်တွေအတွက် ဒါဟာ အရမ်းကို အရေးကြီးလို့ပါ။
အင်္ဂလန်နည်းပြတွေကို အသင်းကြီးတွေမှာ သိပ်မမြင်ရတော့ဘူးလေ။ အဲဒါကြောင့် သူဟာ ကျွန်တော်တို့အတွက် လမ်းပြပေးမယ့်သူ ဖြစ်လာမှာပါ။"လို့ ပြောပြခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ သမိုင်းကြောင်းအရ နည်းပြတွေဟာ အစမှာ တောက်ပပြီး နောက်ပိုင်းမှာ အသင်းပိုင်ရှင်တွေနဲ့ စကားများပြီး ထွက်ခွာရလေ့ရှိတာကို သူ ကျော်လွှားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ ရိုဆင်နာအတွက်တော့ ဒါဟာ ဆာအဲလက်စ်နဲ့ မော်ရင်ဟိုတို့လို ကိုယ်ပိုင်သမိုင်းသစ် ရေးထိုးဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်နေမှာပါခင်ဗျာ။