The network connection is lost.

Banner Image

လီဗာပူးအသင်းရုန်းကန်နေရမှုနဲ့ပတ်သက်လို့ အံ့အားသင့်ဖွယ်ဝန်ခံချက်တစ်ခု ထုတ်ပြန်လာတဲ့ အန်းစလော့

ကစားသမားသစ်တွေအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးငွေပေါင်သန်း ၄၅၀ ကျော် အသုံးပြုခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီကို အသွင်ကူးပြောင်းကာလတစ်ခုဖြစ်လာနိုင်တယ်ဆိုတာ လီဗာပူးအသိုက်အဝန်းတစ်ခုလုံး သိရှိထားခဲ့တယ်လို့ အန်းစလော့က အတိအလင်းဝန်ခံပြောကြားခဲ့ပါတယ်။ လီဗာပူးက အီဆက်ခ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏဖြစ်တဲ့ ပေါင် ၁၂၅ သန်းဖြင့် ဝယ်ယူမှုအပါအဝင် နှစ်ကြိမ်တိုင်တိုင်ပြောင်ရွှေ့ကြေးစံချိန်ချိုးဖျက်မှု လုပ်ဆောင်ခဲ့ပေမယ့် အခုတော့ အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ ၁၄ မှတ်အထိ ကွာဟနေပါတယ်။

ဒါပေမဲ့ လီဗာပူးအသင်းအတွင်းစည်းထဲမှာ အခုကာလကို အသားကျအောင်လုပ်ဆောင်ဖို့ အချိန်ယူရမယ့်ကာလတစ်ခုအဖြစ် ရှုမြင်ထားလို့ မအံ့သြမိကြသလို ဘာကြောင့်ငွေကြေးပမာဏအလုံးအရင်း  ကြီးမားစွာသုံးစွဲခဲ့သလဲဆိုတာကို အန်းစလော့က ရှင်းပြသွားပါတယ်။ ဒါ့အပြင် အခုလိုအင်အားဖြည့်တင်းထားမှုတွေကြောင့် လက်ကျန်ဘောလုံးရာသီဝက်နဲ့ လာမယ့်ဘောလုံးရာသီသစ်မှာ လီဗာပူးအသင်းရဲ့စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ အန်းစလော့ ယုံကြည်နေပါတယ်။

အခုဘောလုံးရာသီစတင်ချိန် ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကြောင့် အမှတ်ပေးချန်ပီယံဆုဆက်လက်ထိန်းသိမ်းနိုင်ဖို့ အန်းစလော့ မျှော်လင့်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြိုင်ပွဲစုံ ၁၂ ပွဲအနက် ကိုးပွဲရှုံးနိမ့်မှုနဲ့အတူ မျှော်လင့်ချက်တွေ ယိမ်းယိုင်သွားခဲ့ပါတယ်။ ဒါပေမဲ့ လတ်တလောကာလတွေကို လီဗာပူးအသင်းအတွက် အသွင်ကူးပြောင်းရေးအချိန်အခိုက်အတန့်တွေ အမြဲတမ်းမှတ်ယူထားခဲ့ပါတယ်။ အန်းစလော့က “ ဟုတ်ပါတယ်၊ ဖြစ်ကောင်းဖြစ်နိုင်ခဲ့ပါတယ်။ ကလပ်အသင်းမှာရှိကြသူတိုင်းလည်း ဒါကို သိရှိထားခဲ့ပါတယ်။ ပြောင်းလဲမှုတွေလုပ်ရင် အသွင်ကူးပြောင်းရေးဆိုတာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့ ရာသီသစ်အဖွင့်ပွဲစဉ်ခြောက်ခုအပြီး ကျွန်တော်တို့မှာ မတူညီတဲ့အတွေးအခေါ်တစ်ခု ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ အခုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကိုကြည့်လိုက်ရင် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ အချိန်အနည်းငယ်လိုအပ်တယ်ဆိုတာ သိသာလာပါတယ်။ ဒါကို ဘယ်သူကမှ အံ့သြစရာကောင်းတယ်လို့ မမြင်ကြပါဘူး”လို့ ဆိုပါတယ်။

အန်းစလော့ရဲ့အကြံအစည်တွေအတွက် နောက်ထပ်အဟန့်အတားတစ်ခုက ကစားသမားသစ်ဖြစ်တဲ့ လီယိုနီနဲ့ အီဆက်ခ်တို့ဒဏ်ရာရရှိမှု ဖြစ်ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြက ပေါင် ၁၂၅ သန်းတန်တိုက်စစ်မှူးရဲ့ လီဗာပူးကစားသမားဘ၀ အကောင်းဆုံးအခိုက်အတန့်ဟာ ၁၀ မိနစ်သာရှိခဲ့တယ်လို့ ပြောပါတယ်။
အန်းစလော့က “ လီယိုနီလည်း ချက်ချင်းဆိုသလို ဒဏ်ရာရရှိခဲ့ပါတယ်။ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့အီဆက်ခ်ကို ပြန်ရပြီလို့တွေးမိခဲ့တဲ့အချိန် ၁၀ မိနစ် ရှိပါတယ်။ ဒါမျိုး အီဆက်ခ်ဆီမှ ပထမဆုံးအကြိမ်မြင်တွေ့ရတာဖြစ်ပြီး ဒီနောက်မှာတော့ ဒဏ်ရာနဲ့အတူ အီဆက်ခ် ထွက်ခွာသွားပါတယ်။ ဒီအချက်တွေအားလုံး ထည့်သွင်းစဉ်းစားလိုက်မယ်ဆိုရင် အခုဘောလုံးရာသီအတွက် သုံးနှုန်းနိုင်မယ့် စကားရပ်တစ်ခုက ‘လိုက်လျောညီထွေဖြစ်အောင်၊ အသားကျအောင် လုပ်ဆောင်ခြင်း’ ပဲ ဖြစ်ပါတယ်။

အချိန်တိုင်း တစ်ခုခုဖြစ်နေသလို ခံစားရပါတယ်။ ‘အကျိုးနည်းပြီ၊ ငါ့မှာ ခံစစ်အစွန်ကစားသမား မရှိတော့ဘူး’၊ ‘အဲ့ဒီနေရာမှာ ဘယ်သူ့ကို အသုံးရမလဲ?’၊ ‘ငါ့မှာ တောင်ပံကစားသမား မရှိပြန်ဘူးဟ’ ဆိုတာမျိုးတွေပေါ့။ ဒါက အခုဘောလုံးရာသီတလျှောက်လုံး အဆက်မပြတ်လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခဲ့ရတဲ့အရာတွေ ဖြစ်ပါတယ်။ ဒီကလပ်အသင်းက လူငယ်ခြေတက်အများစုသာ ဝယ်ယူလေ့ရှိပြီး အကောင်းဆုံးဆိုတဲ့အရာတွေ ရောက်ရှိလာပါလိမ့်မယ်။ သူတို့က ငယ်ရွယ်ပေမယ့် အရမ်းကောင်းကြပါတယ်။ အသက်-၂၇ နှစ်အရွယ် အလားတူကစားသမားမျိုးကိုဝယ်ယူမယ်ဆိုရင် ဈေးသက်သာပါလိမ့်မယ်”လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် ရှုံးနိမ့်မှုတွေကြောင့် အောင်ပွဲကို ပိုနှစ်သက်လာစေတယ်လို့ ဒတ်ချ်လူမျိုးနည်းပြက ရှင်းပြပါတယ်။ အန်းစလော့က “ ရှုံးနိမ့်သွားတဲ့အချိန်မှာ အနိုင်ရရှိတဲ့ခံစားချက်ကို နည်းနည်းတော့ ကြိုက်နှစ်သက်လာနိုင်ပါတယ်။ ရှုံးနိမ့်မှုရဲ့နာကျင်မှုနဲ့ ဒဏ်ရာဒဏ်ချက်ကို ကျွန်တော်တို့ ခံစားခဲ့ရပြီးပါပြီ။ ဒါကြောင့် အခု ကျွန်တော်တို့ ပျော်ရွှင်နေပါတယ်။

ကစားသမားတွေ တိုးတက်လာအောင် လုပ်ဆောင်ပေးရတာကို ကျွန်တော် ကြိုက်ပါတယ်။ ဒါပေမဲ့ အနိုင်ရတာကိုတော့ ပိုသဘောကျပါတယ်။ အနိုင်ရတာကိုသာ အကြိုက်ဆုံးပါပဲ။ ဒုတိယအချက်ကတော့ ကစားသမားတွေပိုတိုးတက်လာအောင် လုပ်ပေးတာဖြစ်ပါတယ်။ တတိယအချက်နဲ့ ဒီအလုပ်ရဲ့ပျော်ရွှင်ဖွယ်အကောင်းဆုံးအပိုင်းကတော့ ရှိရင်းစွဲကစားသမားတွေနဲ့အတူ တီထွင်ဖန်တီးနိုင်မှုရှိရှိ အစီအမံတွေရေးဆွဲကာ ပြိုင်ဘက်ကိုအခက်တွေ့အောင် အတက်နိုင်ဆုံးလုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ နည်းပြတစ်ဦးအတွက်၊ ကလပ်အသင်းနဲ့ ကစားသမားတွေအတွက် အကြိုက်ဆုံးအရာဆိုတာ အနိုင်ရလဒ်ပဲ ဖြစ်ပါတယ်”လို့ ဆက်ပြောပါတယ်။