The network connection is lost.

Banner Image

အတ္တလန္တာကိုရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးရဲ့စွမ်းဆောင်ရည်အပေါ် စိုးရိမ်မိကြောင်းဝန်ခံလာတဲ့ မာရက်စ်ကာ

ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အီတလီစီးရီးအေကလပ် အတ္တလန္တာကို ၂-၁ နဲ့အရေးနိမ့်ပြီးနောက် ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက ကျဆင်းသွားတဲ့ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် စိုးရိမ်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ချဲလ်ဆီးအတွက်ဦးဆောင်ဂိုးကို ပထမပိုင်း ၂၅ မိနစ်မှာ ဂျာအိုပက်ဒရိုက စတင်သွင်းယူပေးခဲ့ပြီး အတ္တလန္တာကို စောစောစီးစီးဦးဆောင်နိုင်ခဲ့ပါတယ်။ သို့သော် ဒုတိယပိုင်းမှာတော့ အတ္တလန္တာကချေပဂိုးအတွက် ချဲလ်ဆီးကိုပိုမိုဖိအားပေးကစားလာပြီး ၅၅ မိနစ်မှာ စကာမက်ကာက ချေပဂိုးနဲ့ ၈၃ မိနစ်မှာ ဒီကီတီလယ်ရီက အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် ချဲလ်ဆီးတို့ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ယခုပွဲစဉ်မတိုင်မီချဲလ်ဆီးဟာ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးထားတာဖြစ်ပြီး ယခုအခါမှာ ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့သလို၊ ချန်ပီယံလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၁၁ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။ ပွဲအပြီးမှာ ချဲလ်ဆီးရဲ့စွမ်းဆောင်ရည်ကျဆင်းမှုအပေါ် စိုးရိမ်မိကြောင်း မာရက်စ်ကာက "ပထမပိုင်းမှာ ကျွန်တော်တို့ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ချေပဂိုးခွင့်ပြု လိုက်ရပြီးချိန်မှာတော့ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ပွဲကိုထိန်းချုပ်နိုင်စွမ်းမရှိတော့ပါဘူး။ ကျွန်တော်တို့က ၂ ရက်ကို ၁ ပွဲလောက်ကစားနေရတော့ ပွဲပန်းမှုဒဏ်နဲ့ရုန်းကန်နေရတယ်လို့ထင်ပါတယ်"

"ဒါကြောင့် အသင်းက တတ်နိုင်သလောက်ပွဲကိုမြန်မြန်ဖြတ်ဖို့အာရုံထားကြပါတယ်။ ၁-၁ ဖြစ်သွားချိန်မှာ ပြန်လာနိုင်ဖို့အစွမ်းကုန်ကြိုးစားခဲ့ပြီး အသင်းရဲ့ကစားပုံလည်း ပြောင်းလဲသွားခဲ့ပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်ကျဆင်းမှုနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်အမြဲတမ်းစိုးရိမ်ပါတယ်။ နောက်ဆုံး ၄ ပွဲမှာ ၂ မှတ်ပဲရခဲ့တာက ကျွန်တော်တို့မျှော်လင့်ထားတဲ့အရာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုကောင်းလာဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။