ချဲလ်ဆီးနဲ့နှစ်ဦးသဘောတူလမ်းခွဲပြီး အလွတ်အေးဂျင့်ဖြစ်လာတဲ့ စတာလင်
အင်္ဂလန်တိုက်စစ်ကြယ်ပွင့်ဟောင်း ရာဟင်းမ်စတာလင်ဟာ ဗုဒ္ဓဟူးနေ့က ချဲလ်ဆီးနဲ့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းကာလမ်းခွဲပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာကြုံတွေ့ခဲ့ရတဲ့ သူ့ရဲ့ဆိုးရွားတဲ့အချိန်တွေကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ စတာလင်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလကတည်းက ချဲလ်ဆီးမှထွက်ခွာဖို့စီစဉ်ခဲ့ပေမယ့် အသင်းသစ်ရှာဖွေနိုင်ခဲ့ခြင်းမရှိတာကြောင့် ချဲလ်ဆီးအသင်းဖော်တွေနဲ့ သီးခြားစီခွဲပြီး လေ့ကျင့်ရေးဆင်းနေခဲ့ရတာဖြစ်ပါတယ်။
ချဲလ်ဆီးက "ရာဟင်းမ်စတာလင်ဟာ ဒီနေ့မှာ ချဲလ်ဆီးအသင်းနဲ့ နှစ်ဦးသဘောတူလမ်းခွဲပြီး သူ့ရဲ့ ၃ ရာသီကြာ ချဲလ်ဆီးကစားသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ ချဲလ်ဆီးကစားသမားတစ်ဦးအနေနဲ့ သူ့ရဲ့ပေးဆပ်မှုတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ ကစားသမားဘဝအနာဂတ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်" လို့ထုတ်ပြန်ခဲ့ပါတယ်။
အသက်-၃၁ နှစ်အရွယ်သာရှိသေးတဲ့ စတာလင်ဟာ ၂၀၂၂ ခုနှစ်မှာ မန်ချက်စတာစီးတီးမှ ချဲလ်ဆီးသို့ပြောင်းရွှေ့ကြေး ပေါင် ၄၇ သန်းနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ထိုစဉ်ကတော့ သူဟာ အင်္ဂလန်ဘောလုံးလောကရဲ့ ထိပ်တန်းတောင်ပံကစားသမားအဖြစ်ရပ်တည်ခဲ့ပါတယ်။ သို့သော်လည်း ကစားသမားဟာ သူ့ရဲ့ မန်စီးတီးကခြေစွမ်းမျိုးကို ချဲလ်ဆီးမှာ ပြသဖို့ရုန်းကန်ခဲ့ရတာကြောင့် ယခုအခါမှာ အသင်းနဲ့ လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။
အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်သို့ တစ်ရာသီအငှားစာချုပ်နဲ့သွားရောက်ကစားခဲ့ပေမယ့် အာတီတာရဲ့လက်အောက်မှာ နေရာရဖို့ရုန်းကန်ခဲ့ရတာကြောင့် ချဲလ်ဆီးသို့ပြန်လည်ရောက်ရှိခဲ့ပါတယ်။ သတင်းတွေအရ စတာလင်ဟာ ချဲလ်ဆီးမှာ လေ့ကျင့်ခန်းလုပ်ဖို့အတွက်တောင် သီးခြားအဆောက်အအုံနဲ့ပြုလုပ်ခဲ့ရတယ်လို့သိရပါတယ်။
ချဲလ်ဆီးအတွက် စတာလင်ဟာ ၃ နှစ်တာကာလအတွင်း စုစုပေါင်း ၈၁ ပွဲသာပါဝင်ကစားခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ မေလမှာ နောက်ဆုံးကစားခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ သူ့ရဲ့လုပ်ခလစာဟာ တစ်ပတ်ကို ပေါင် ၃ သိန်း ၂ သောင်းခွဲခန့်ရှိနေတာကြောင့် ယခုအခါမှာ ၂ ဦးသဘောတူလမ်းခွဲဖို့ ချဲလ်ဆီးဘက်က ဆုံးဖြတ်ခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အဖြစ် ၈၂ ပွဲအထိကစားခွင့်ရထားခဲ့တဲ့ စတာလင်ကို ယခင်က ဂျူဗင်တပ်စ်၊ လေဗာကူဆင်နဲ့ ဖူလ်ဟမ်တို့က စိတ်ဝင်စားခဲ့ပေမယ့် အပြောင်းအရွှေ့တွေ ဖြစ်ပေါ်လာခဲ့ခြင်းမရှိပါဘူး။ ယခုအခါမှာတော့ စတာလင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ဖို့ အခွင့်အရေးရှိနေပြီဖြစ်လို့ ဘယ်အသင်းက ကစားသမားကို ကမ်းလှမ်းမှုပြုလုပ်လာမလဲ စောင့်ကြည့်သွားရပါမယ်။