The network connection is lost.

Banner Image

အာဖရိကဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဘရာဟင်မ်ဒီယက်ဇ်တစ်ယောက် ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆီနီဂေါနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကဗိုလ်လုပွဲမှာ အိမ်ရှင်မော်ရိုကိုအသင်းရဲ့တိုက်စစ်မှူး ဘရာဟင်မ်ဒီယက်ဇ်ဟာ ပွဲကစားချိန်မိနစ် ၉၀ ပြည့်ပြီးနောက် အချိန်ပိုမှာရရှိလာတဲ့ ပင်နယ်တီကို ပင်နယ်ကာစတိုင်နဲ့ကန်သွင်းပြီး လွဲချော်ခဲ့တာကြောင့် ဘောလုံးလောကအတွင်း ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရပါတယ်။ 

အဆိုပါပွဲစဉ်ရဲ့ အချိန်ပိုမိနစ်အတွင်းမှာ မော်ရိုကိုဟာ ပင်နယ်တီရခဲ့တာဖြစ်ပြီး ဆီနီဂေါနည်းပြ ပါပေသီယောက အဆိုပါပင်နယ်တီကို လက်မခံတာကြောင့် ကစားသမားတွေကို ကွင်းထဲကနေထွက်ခွာဖို့ စေခိုင်းခဲ့ပါတယ်။ ထို့နောက်မှာ ဆီနီဂေါတိုက်စစ်မှူး မာနေးက အသင်းဖော်တွေကိုဖျောင်းဖျပြီး ကွင်းထဲသို့ဝင်စေကာ ပွဲကိုဆက်လက်ကစားစေခဲ့ပါတယ်။

သို့သော်လည်း မော်ရိုကိုအတွက်ရရှိခဲ့တဲ့ပင်နယ်တီကို ဘရာဟင်ဒီယက်ဇ်ကန်သွင်းရာမှာ လွဲချော်ခဲ့တာကြောင့် ပွဲမှာအချိန်ပို မိနစ် ၃၀ အထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ အချိန်ပိုမှာတော့ ဆီနီဂေါအတွက်အနိုင်ဂိုးကို ပါပေဂူရေးက သွင်းယူခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ထိမရောက်တော့ဘဲ မော်ရိုကိုတို့ ဆုဖလားနဲ့လွဲချော်ခဲ့ရပါတယ်။ 

ဘရာဟင်ဟာ ပင်နယ်တီကို ပင်နယ်ကာစတိုင်နဲ့ကန်ကာ လွဲချော်ပြီးနောက် စိတ်ပျက်လက်ပျက်နဲ့ အရန်ခုံတန်းသို့ပြန်လာချိန် မော်ရိုကိုနည်းပြ ဝါလစ်ရက်ဒရာဂူရဲ့ ဆူပူကြိမ်းမောင်းမှုကိုခံခဲ့ရသလို၊ ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဘရာဟင်ဟာပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမားဆုကို ရရှိခဲ့ပေမယ့် စင်ပေါ်ကိုဆုတက်ယူချိန်မှာလည်း ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နည်းပြဟောင်း ဘောလုံးဝေဖန်သုံးသပ်သူ ရီဂျစ်ဘရူအာ့ဒ်က ဘရာဟင်ရဲ့ ပင်နယ်ကာကန်ချက်နဲ့ပတ်သက်ပြီး "ကျွန်တော်ကတော့ တသက်လုံးသူ့ကို အငြိုးထားသွားမှာပါ။ ပွဲစဉ်တစ်ပွဲ၊ ဗိုလ်လုပွဲတစ်ပွဲ၊ အာဖရိတိုက်ကြီးတစ်ခုလုံးအပေါ်မှာ ဒီလိုပုံစံနဲ့ပင်နယ်တီကန်တာဟာ လေးစားမှုမရှိတာပါ။ ဒါက သူ့ရဲ့နည်းပြနဲ့ အသင်းဖော်တွေအပေါ်မှားလည်း ရိုင်းပျရာရောက်ပါတယ်" လို့ဝေဖန်ပြောဆိုခဲ့ပါတယ်။ 

နယ်သာလန်နောက်ခံလူဟောင်း ဒါလစ်ဘိုလာရုဇ်ကလည်း "မင်းက ဇီဒန်းမဟုတ်ဘူး၊ ရော်နယ်ဒိုမဟုတ်ဘူး၊ ဟာကီမီလည်းမဟုတ်ဘူး။ မင်းမှာ အဲဒီလိုအဆင့်အတန်းမျိုးမရှိသေးပါဘူး။ မင်း ၅ ဂိုးသွင်းထားနိုင်ကောင်းသွင်းထားနိုင်မယ်၊ ဒါပေမယ့် ဒီအမှားကတော့ တကယ့်ကိုနာကျင်စရာကောင်းလွန်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။