ဖာနန်ဒက်စ်နေရာမှာ ဆက်ခံဖို့ အသင့်တော်ဆုံးက ပယ်လ်မာဖြစ်တယ်လို့ မာဖီအကြုံပြု
လီဗာပူးကြယ်ပွင့်ဟောင်း ဒန်နီမာဖီက ချဲလ်ဆီးကွင်းလယ်လူ ကိုးလ်ပယ်လ်မာဟာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နေရာမှာ ဆက်ခံဖို့ အသင့်တော်ဆုံးကစားသမားဖြစ်တယ်လို့ အကြံပေးပြောကြားလာခဲ့ပါတယ်။
မကြာသေးမီက ပယ်လ်မာဟာ လန်ဒန်ရှိလူနေမှုဘဝကို သဘောမကျဘဲ မန်ချက်စတာရှိ သူငယ်ချင်းတွေကို သတိရကြောင်း ဝန်ခံလာခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ကစားသမား ယူနိုက်တက်သို့ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။
တစ်ဖက်မှာ ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ယခုနှစ်ရာသီအကုန်မှာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ဆော်ဒီပရိုလိဂ်သို့ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ထားတာကြောင့် ပယ်လ်မာအနေနဲ့ ယူနိုက်တက်သို့ရောက်ရှိလာဖို့ အလားအလာများလာခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ပယ်လ်မာဟာ မန်စီးတီးလူငယ်အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး မန်ချက်စတာမြို့နဲ့ နီးစပ်မှုရှိသူဖြစ်တာကြောင့် လာမယ့်နွေရာသီမှာ ယူနိုက်တက်သို့ပြောင်းရွှေ့လာမယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။
ယခုအခါမှာ မာဖီက "ပယ်လ်မာက ချဲလ်ဆီးနဲ့ရှေရှည်စာချုပ်ရှိနေတော့ သူ့ကို ဆက်ထိန်းထားချင်လည်းရပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ သူ့ကိုဆက်ထိန်းဖို့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် အရင်လုပ်ဖို့လိုပါလိမ့်မယ်"
"ချဲလ်ဆီးပရိသတ်တော်တော်များများက သူတို့အသင်းကို ဘောလုံးစီမံကိန်းတွေထက် စီးပွားရေးလုပ်ငန်းတစ်ခုလိုမြင်နေကြပါတယ်။ ဒါကြောင့် ပယ်လ်မာအနေနဲ့ ယူနိုက်တက်ကိုပြောင်းသွားတာမျိုးမြင်ရမလားဆိုရင် မြင်ရနိုင်တယ်လို့ပဲဖြေရမှာပါ။ ကျွန်တော့်အနေနဲ့ အဲဒါမျိုးမဖြစ်စေချင်ပေမယ့် ဖြစ်လာနိုင်ချေရှိပါတယ်။ တစ်ဖက်မှာ ယူနိုက်တက်အတွက်လည်း ဖာနန်ဒက်စ်နေရာမှာဆက်ခံနိုင်မယ့် ပယ်လ်မာလိုကစားသမားမျိုးလိုအပ်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။
ပယ်လ်မာကို သူ့ရဲ့အသင်းဟောင်း မန်ချက်စတာစီးတီးကလည်း စောင့်ကြည့်မှုတွေပြုလုပ်နေပြီး အခွင့်အရေးရပါက ချဲလ်ဆီးထံမှ ပြန်လည်ခေါ်ယူနိုင်ဖို့ အဆင်သင့်ရှိနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။