The network connection is lost.

Banner Image

ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်ယူဖို့အတွက် တက်တက်ကြွကြွလှုပ်ရှားရမယ်လို့ ဝန်ခံလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြအာတီတာက ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း ကလပ်အသင်းအနေဖြင့် ကစားသမားသစ်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် ၁၈ ပွဲကစားပြီးချိန် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပေမယ့် ဒီကာလအတွင်း မာဂယ်လ်ဟေးစ်၊ ဆာလီဘာ၊ ဆာကာ၊ ယော်ကရက်စ်နဲ့ အိုဒီဂတ်တို့လို အဓိကကစားသမားတွေရဲ့ဒဏ်ရာပြဿနာတွေနဲ့ အဆက်မပြတ်ရင်ဆိုင်ခဲ့ရပါတယ်။

နောက်ဆုံးပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ်အနေဖြင့် ကစားသမားတွေကို အငှား (သို့မဟုတ်) အပြီးသတ်ဖြင့် ထွက်ခွာခွင့်ပြု ဖို့ အသင့်ရှိနေပြီလားဆိုတဲ့မေးခွန်းကို အာတီတာက ကစားသမားသစ်တွေခေါ်ယူနိုင်ရေး ရည်မှန်းထားတယ်လို့ပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အာတီတာက “ ဇန်နဝါရီမှာ အသင်းလူစာရင်းပိုင်းအင်အားတောင့်တင်းလာစေဖို့ ကျွန်တော်တို့တွေ တက်တက်ကြွကြွလုပ်ဆောင်သွားရပါလိမ့်မယ်။ တချို့ကစားသမားတွေရဲ့ပွဲကစားနိုင်စွမ်းပေါ်မူတည်ပြီး အပြောင်းအရွှေ့ဈေးကွက်လည်း ရောက်ရှိလာပြီဖြစ်လို့ ဆိုလိုတာက ကျွန်တော်တို့အာဆင်နယ်အသင်းကိုယ်တိုင် ကစားသမားသစ်ခေါ်ယူနိုင်ရေးကိစ္စကို တက်တက်ကြွကြွလှုပ်ရှားသွားရပါမယ်။ တစ်ခုခုလည်း ဖြစ်လာနိုင်သေးတယ်ဆိုတော့ ကျွန်တော်တို့ရဲ့အလုပ်က သေသေချာချာပြင်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

နွေရာသီကာလအတွင်း ကစားသမားသစ်တွေအတွက် ပေါင်သန်း ၂၅၀ ကျော် အသုံးပြုခဲ့ပြီးနောက် အာတီတာအနေဖြင့် ဆယ်စုနှစ်နှစ်ခုကျော်ကြာကာလအတွင်း အမှတ်ပေးချန်ပီယံဆုနဲ့ထိုက်တန်တဲ့ အသင်းတစ်ခုတည်ဆောက်ဖို့အတွက်ဆိုရင် ငွေကြေးကုန်ကျခံဖို့ ကြောက်ရွံ့နေမှာမဟုတ်ဘူးဆိုတာ သိသာထင်ရှားလာပါတယ်။

လတ်တလော ဂန်းနားတွေရဲ့ပစ်မှတ်ထဲမှာ အေစီမီလန်ရဲ့အသက်-၂၀ နှစ်အရွယ်ဘယ်နောက်ခံလူ ဘာတီဆာဂျီ၊ ဖရန့်ဖတ်တိုက်စစ်မှူး ဘာဟိုယာနဲ့ အယ်လ်ချီကွင်းလယ်ကစားသမား မန်ဒိုဇာတို့ ပါဝင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မတိုင်ခင်မှာတော့ အာဆင်နယ်က အမ်းမရိတ်စ်ကွင်းမှာ အက်စတွန်ဗီလာကို ဧည့်ခံကစားရင်း ၂၀၂၅ ခုနှစ်ကို ပိတ်သိမ်းသွားပါလိမ့်မယ်။ ဒါ့အပြင် မန်စီးတီးရဲ့ဖိအားပေးမှုလည်း ဆက်ရှိနေလို့ အခုပွဲစဉ်အနိုင်သုံးမှတ်က ဂန်းနားတွေအတွက် အတော်လေးအရေးကြီးနေပါလိမ့်မယ်။