ပရိသတ်ဝေဖန်မှုတွေကြောင့် မိသားစုကိုပါ ထိခိုက်မှုရှိခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဘယ်ရီ
အဲဗာတန်ကြယ်ပွင့်တိုက်စစ်မှူး သီယာနိုဘယ်ရီက ပရိသတ်တွေရဲ့ဝေဖန်တိုက်ခိုက်မှုတွေကြောင့် သူသာမက သူ့ရဲ့မိသားစုအပေါ်မှာပါ ထိခိုက်မှုတွေရှိခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဘယ်ရီဟာ မကြာသေးမီကမှာ ပုံမှန်ခြေစွမ်းပြန်လည်ရရှိလာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့နံနက်က လိဒ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အတွက် အဖိုးတန်ချေပဂိုးကို ဒုတိယပိုင်းမှာသွင်းယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးကြောင့် တိုက်စစ်မှူးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲအတွင်း သွင်းဂိုး ၄ ဂိုးအထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဂိုးတွေဆက်တိုက်သွင်းနေပေမယ့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ မတိုင်မီမှာတော့ ဘယ်ရီဟာ ကာလရှည်ဂိုးပေါက်ပျောက်ဆုံးမှုကြောင့် အဲဗာတန်ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ယခုအခါမှာ ကစားသမားက "ဝေဖန်မှုတွေက ကျွန်တော့်အပေါ်သက်ရောက်မှုမရှိပေမယ့် မိသားစုကိုတော့ ထိခိုက်ရတယ်ထင်ပါတယ်။ နေ့ရက်တိုင်းမှာ ကျွန်တော့်ကို ကမ္ဘာ့အညံ့ဖျင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ လူတွေကပြောနေကြတယ်လို့ သူတို့က ကျွန်တော့်ကိုပြောပါတယ်။ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူး၊ ကျွန်တော်က အညံ့ဆုံးပါပဲလို့ ပြန်ပြောလေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ဂိုးသွင်းပြီး အောင်ပွဲခံရင် ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်တဲ့ပုံစံနဲ့ အောင်ပွဲခံတာပါ"
"ဝေဖန်မှုတွေကို ဆက်တိုက်တွေ့နေရပေမယ့် ကျွန်တော့်အပေါ် အထင်အမြင်လွဲနေသူတွေ မှားယွင်းနေကြောင်းသက်သေပြရတာကို ကျွန်တော်နှစ်သက်ပါတယ်။ ဒါကြောင့် ဝေဖန်မှုတွေက ကျွန်တော့်အတွက်တော့ အရေးမကြီးပါဘူး။ လူတစ်ယောက် ကျွန်တော့်အကြောင်းပြောနေတာကိုမြင်ရတာ သဘောကျပါတယ်။ ဝေဖန်တာတွေကိုလည်း ကျွန်တော်ဂရုမစိုက်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဘယ်ရီဟာ ဗီလာရီးရဲလ်မှာ အဲဗာတန်သို့ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး သူ့ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝအစမှာ လိဂ်နဲ့အသားကျဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရကြောင်းလည်း ဝန်ခံပြောကြားခဲ့ပါတယ်။
ဘယ်ရီက "စပိန်ကနေလာခဲ့ရတာဖြစ်လို့ အင်္ဂလန်မှာအသားကျဖို့ အချိန်လိုအပ်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေနဲ့ ရင်ဆိုင်ကစားရတာ တကယ်ကိုခက်ခဲပါတယ်။ ဒီမှာက ရုပ်ပိုင်းဆိုင်ရာ ပိုပြီးတော့ အားစိုက်ရပါတယ်။
ကျွန်တော်က အရပ်ရှည်ပေမယ့် တောင့်တောင့်တင်းတင်းပုံစံမျိုးတော့မရှိပါဘူး။ ဒါကြောင့် ဘောလုံးကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ ခန္ဓာကိုယ်ကိုအသုံးချတတ်အောင် လေ့ကျင့်နေပါတယ်"
"ကျွန်တော် ပရီးမီးယားလိဂ်မှာ ကစားနိုင်ကြောင်း အပတ်တိုင်းသက်သေပြနိုင်ဖို့ ကြိုးစားနေပါတယ်။ အင်္ဂလန်မှာကစားဖို့က ကျွန်တော့်ရဲ့အိပ်မက်ပါ။ နည်းပြက ကျွန်တော့်အပေါ် ယုံကြည်မှုတွေအများကြီးပေးထားလို့ ကျွန်တော့်အနေနဲ့လည်း သူ့ရဲ့ယုံကြည်မှုနဲ့ထိုက်တန်ကြောင်းသက်သေပြဖို့ ကြိုးစားနေပါတယ်။ အခုလိုပုံစံအတိုင်းဆက်သွားနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။