The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြောင့် ၄ ပတ်လောက်အထိအနားယူရမယ့် ဘာစီလိုနာနောက်ခံလူ ကွန်ဒီ

ဘာစီလိုနာညာနောက်ခံလူ ဂျူးလက်စ်ကွန်ဒီဟာ တနင်္ဂနွေ‌နေ့ညက ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာပြဿနာကြောင့် ၄ ပတ်လောက်အထိ အနားယူသွားရမှာဖြစ်လို့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားနိုင်တယ်လို့ သိရပါတယ်။ 

ဘာစီလိုနာအနေနဲ့ ဗီလာရီးရဲလ်ကို ၀-၂ နဲ့အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားကို ၄ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်နိုင်ခဲ့ပေမယ့် အားထားရတဲ့နောက်ခံလူကွန်ဒီ ဒဏ်ရာရရှိသွားတာကြောင့် ထိုးနှက်ချက်ပြင်းထန်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟာ ဒုတိယပိုင်း ၇၉ မိနစ်မှာဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကွင်းထဲကနေ ချက်ချင်းပဲထွက်ခွာခဲ့တာဖြစ်ပါတယ်။

စပိန်သတင်းတွေအရ ကွန်ဒီဟာ ညာဘက်ခြေထောက် အနောက်ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး တနင်္လာနေ့မှာ အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ဖို့ရှိပေမယ့် အဝတ်လဲခန်းထဲက ကနဦးခန့်မှန်းချက်တွေကတော့ စိတ်အေးစရာမရှိပါဘူး။ ကစားသမားအနေနဲ့ ၃ ပတ်မှ ၄ ပတ်ခန့်အထိအနားယူရနိုင်တာကြောင့် နည်းပြဟန်ဆီဖလစ်အတွက် ခေါင်းကိုက်စရာဖြစ်လာခဲ့ပါတယ်။ 

ကွန်ဒီအနေနဲ့ ၄ ပတ်အထိအနားယူရမယ်ဆိုရင်တော့ ဘီလ်ဘာအိုနဲ့ယှဉ်ပြိုင်သွားရမယ့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိဘာစီလိုနာရဲ့ညာနောက်ခံနေရာမှာ အဆင်သင့်အစားထိုးနိုင်မယ့် ကစားသမားလည်းမရှိတာကြောင့် ဟန်ဆီဖလစ်အနေနဲ့ အရေး‌ပေါ်အစားထိုးဖို့ ရုန်းကန်သွားရတော့မှာဖြစ်ပါတယ်။ 

လက်ရှိအခြေအနေအရတော့ ဖလစ်အနေနဲ့ အဲရစ်ဂါစီယာကို ညာနောက်ခံနေရာမှာထားဖို့ ဆုံးဖြတ်သွားဖွယ်ရှိပြီး ကာဆာဒိုကိုလည်း အဆိုပါနေရာအတွက်ရွေးချယ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ သို့သော်လည်း ဘာစီလိုနာဘက်ကတော့ စူပါဖလားပွဲစဉ်မှာ ကွန်ဒီကိုအသုံးပြုနိုင်ဖို့ အတတ်နိုင်ဆုံးမျှော်လင့်နေမှာဖြစ်ပါတယ်။