The network connection is lost.

Banner Image

ဇန်နဝါရီဈေးကွက်မှာ ကစားသမားရောင်းချဖို့ လမ်းဖွင့်ပေးထားတယ်လို့ ဖွင့်ဟလာတဲ့ အန်းစလော့

အန်းစလော့က အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းချိန် လီဗာပူးအသင်းကစားသမားအားလုံး အန်ဖီးလ်မှာ ဆက်ရှိနေလိမ့်မယ်လို့ အာမ,မခံဘဲ ပရီးမီးယားလိဂ်ချန်ပီယံတွေအတွက် သင့်တော်တဲ့ကမ်းလှမ်းမှုရှိလာရင် စဉ်းစားပေးသွားမယ်လို့ ပြောပါတယ်။ လီဗာပူးနည်းပြက လီယိုနီ၊ ဘရက်ဒလေတို့ရဲ့ရာသီကုန်အထိအနားယူရမှုနဲ့အတူ အီဆက်ခ်ကိုယ်တိုင်လည်း မတ်လမတိုင်ခင်အထိ ပြန်မကစားနိုင်သေးတာကြောင့် အသင်းရဲ့ခံစစ်ပိုင်းမှာရော၊ တိုက်စစ်ပိုင်းမှာပါ အားနည်းနေတယ်လို့ ယုံကြည်နေပါတယ်။ 

ဒါပေမဲ့ သူက လတ်တလောမှာ ငွေကြေးပမာဏများစွာသုံးစွဲဖို့ ဆန္ဒမရှိဘဲ ရေရှည်ပစ်မှတ်အတွက်သာ ပိုက်ဆံထုတ်သွားမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အန်းစလော့က ဒဏ်ရာပြဿနာတွေသာ အခုထက်ပိုဆိုးလာမယ်ဆိုရင် ဇန်နဝါရီဈေးကွက်ဆီ ဝင်ရောက်ဖို့ ဆုံးဖြတ်လာနိုင်ပြီး အသင်းရဲ့စီးပွားရေးလည်ပတ်မှုပုံစံအရ ကစားသမားတွေအတွက် ချဉ်းကပ်မှုတွေကိုလည်း နားထောင်ပေးသွားနိုင်တယ်လို့ ရှင်းပြပါတယ်။

လတ်တလောမှာ တောင်ပံကစားသမားချီယေဆာကို ဂျူဗင်တပ်စ်နဲ့ နာပိုလီတို့က စိတ်ဝင်စားနေပြီး မိုဆာလက်ကိုယ်တိုင်လည်း ဒီဇင်ဘာလ၊ ပေါက်ကွဲသံစဉ်အင်တာဗျူးအစီအစဉ်အပြီး အနာဂတ်မရေရာသေးပါဘူး။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင်နေတဲ့ အီဂျစ်သားကို လာမယ့်ဗုဒ္ဓဟူးနေ့၊ မာဆေးလ်နဲ့ပွဲစဉ်(သို့မဟုတ်)နောက်သီတင်းပတ်စနေနေ့၊ ဘုန်းမောက်နဲ့ပွဲစဉ်မှာ လီဗာပူးနဲ့အတူ ပြန်လည်မြင်တွေ့ရနိုင်ပါတယ်။

အန်းစလော့က “ ဒီကလပ်အသင်းဟာ ကစားသမားသစ်တွေခေါ်ယူခဲ့သလိုမျိုးပဲ ရောင်းချဖို့ဆိုရင်လည်း ဘယ်တော့မှငြင်းဆန်နေမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အခြားကလပ်အသင်းတစ်ခုရဲ့ မှန်ကန်သင့်လျော်တဲ့ကမ်းလှမ်းမှုတစ်ခု ရှိလာရင်၊ မှန်ကန်သင့်လျော်တဲ့ကမ်းလှမ်းမှုလို့ ကျွန်တော်တို့ ယူဆမယ်ဆိုရင် ကျွန်တော်တို့အားလုံးသဘောတူတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တစ်ဦးတည်းမဟုတ်ဘဲ အားကစားဒါရိုက်တာတွေနဲ့ အသင်းပိုင်ရှင်တွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ရှိရင်းစွဲကစားသမားတွေနဲ့ပဲ ကျွန်တော်တို့ အတူတကွလုပ်ကိုင်ဆောင်ရွက်နေပါတယ်။

ဒါကြောင့် ဒီကလပ်အသင်းရဲ့လုပ်ငန်းလုပ်ဆောင်ပုံကို ခင်ဗျားတို့ သိကြလိမ့်မယ်လို့ ထင်ပါတယ်။ လူတိုင်းက ပြီးခဲ့တဲ့နွေရာသီ၊ ပေါင်သန်း ၄၅၀ ကျော် သုံးစွဲမှုကိုသာ ပြောနေကြပြီး ကစားသမားရောင်းချမှုမှတဆင့်ပြန်ရတဲ့ ပေါင်သန်း ၃၀၀ အကြောင်းကိုတော့ မေ့လျော့နေကြပါတယ်။ ပြီးတော့ ကစားသမားရောင်းချမှုနဲ့ပတ်သက်ပြီး ခြွင်းချက်တစ်ခုရှိနေတယ်လို့ ကျွန်တော်ယူဆမိတာကြောင့် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ပုံမှန်အားဖြင့် ပရီးမီးယားလိဂ်ကလပ်အသင်းအများစုက ကစားသမားဝယ်ယူမှုသာရှိပြီး ဒါဟာ မယုံကြည်နိုင်စရာအောင်မြင်မှု ဖြစ်ပါတယ်။ ဒီကလပ်အသင်းကိုယ်တိုင်လည်း ကောင်းကောင်းလည်ပတ်နေပါတယ်။ ဒါကြောင့် မကြာသေးမီနှစ်တွေအတွင်းရှိခဲ့တဲ့ အဆင့်အတန်းနဲ့ စွမ်းဆောင်ရည်ကို ဆက်လက်ပြသနိုင်ပါတယ်”လို့ ပြောပါတယ်။

အန်းစလော့က ဇန်နဝါရီဈေးကွက်လှုပ်ရှားမှုအပေါ်မူတည်ကာ အန်ဖီးလ်မှာလည်း အပြောင်းအလဲတွေ ရှိလာနိုင်ပြီး အဲ့ဒီအချိန်မှာ အပြောင်းအရွှေ့တွေပေါ်ပေါက်လာမယ်လို့ အခိုင်အမာပြောကြားပါတယ်။ 

လီဗာပူးနည်းပြက “ အခုအပြောင်းအရွှေ့ကာလ (သို့မဟုတ်) နွေရာသီအပြောင်းအရွှေ့ကာလမှာ ကျွန်တော်တို့ ဘယ်လိုလုပ်ဆောင်ခဲ့သလဲဆိုတာ ပြသခဲ့ပြီးပြီလို့ ထင်ပါတယ်။ သီတင်းပတ်နှစ်ပတ်လောက်အတွင်း လုပ်ဆောင်ရမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။ ကာလအတော်ကြာအချိန်ယူပြီး အလွန်အသေးစိတ်လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်ဖြစ်လို့ စေ့စပ်သေချာရပါမယ်။ ပြီးရင် အချိန်မှန်လည်း ဖြစ်ရပါတယ်။ ဒါပေမဲ့ ဈေးကွက်မှာ အခွင့်အလမ်းတစ်ခုပေါ်ပေါက်လာမယ်ဆိုရင် (သို့မဟုတ်) ကိစ္စတိုင်းဟာ အခုထက်ပိုဆိုးလာမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ မတူညီတဲ့အခြေအနေတစ်ခု ရှိလာနိုင်ပါတယ်။

ဈေးကွက်ဆီဝင်ရောက်ဖို့ မဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ ဘာလို့လဲဆိုတော့ ဒီကလပ်အသင်းက မှန်ကန်တဲ့အခိုက်အတန့်တစ်ခုကို အမြဲလိုလိုစောင့်ဆိုင်းပြီး အလောတကြီးလုပ်ဆောင်တာမျိုး ဘယ်တော့မှမရှိခဲ့ပါဘူး။ ကျွန်တော်တို့က အခြေအနေအချိန်အခါပေါ်မူတည်ပြီး အမြဲလှုပ်ရှားပါတယ်။ ကျွန်တော်မရောက်ခင် ဒီအသင်းမှာရှိခဲ့ဖူးသူတစ်ဦးလည်း ဘောလုံးရာသီတစ်ခုမှာ ခံစစ်ပိုင်းအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ခံစစ်ဖြစ်ဖြစ်၊ ကွင်းလယ်ဖြစ်ဖြစ်၊ တိုက်စစ်ပိုင်းပဲဖြစ်ဖြစ် အသင်းရဲ့ဘယ်နေရာမှာမဆို မှန်ကန်သင့်လျော်မယ့်ကစားသမားတစ်ဦး ပေါ်ပေါက်လာမယ်ဆိုရင် ကျွန်တော်တို့ လှုပ်ရှားသွားပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ရှိရင်းစွဲကစားသမားတွေနဲ့ပဲ ဆက်ပူးပေါင်းသွားပါမယ်”လို့ ပြောပါတယ်။