အဲဗာတန်နဲ့ပွဲစဉ်အတွက် ကိုးလ်ပယ်လ်မာ၊ ဖိုဖာနာတို့ အဆင်သင့်ဖြစ်နေပြီလို့ အတည်ပြုလိုက်တဲ့ မာရက်စ်ကာ
အန်ဇိုမာရက်စ်ကာက စတမ်းဖို့ဒ်ဘရစ်ချ်မှာ အဲဗာတန်ကို ဧည့်ခံကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ကိုးလ်ပယ်လ်မာ၊ ဖိုဖာနာတို့ အဆင်သင့်ဖြစ်နေပေမယ့် ပုခုံးဒဏ်ရာကြောင့် ဒီလပ်ဟာ သီတင်းပတ်နှစ်ပတ်မှ လေးပတ်အထိ အနားယူရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘန်လေနဲ့အဝေးကွင်းပွဲစဉ်နောက်ပိုင်း ပရီးမီးယားလိဂ်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ချဲလ်ဆီးက အတ္တလန္တာကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မျက်စိဒဏ်ရာရရှိသွားတဲ့ ဗဟိုခံစစ်မှူးဖိုဖာနာကို အနားပေးခဲ့ရပါတယ်။
ပေါင်ခြံဒဏ်ရာနဲ့ ခြေချောင်းကျိုးဒဏ်ရာကြောင့် သီတင်းပတ်ခြောက်ပတ်ကြာအနားယူခဲ့ရပြီး မကြာသေးခင်ကမှ ပြန်လည်သက်သာလာတဲ့ ကွင်းလယ်တိုက်စစ်မှူးပယ်လ်မာလည်း အတ္တလန္တာနဲ့ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း မာရက်စ်ကာက “ ပယ်လ်မာတော့ အိုကေနေပါပြီ။ သူ့ရဲ့အခြေအနေ ပိုကောင်းလာပါတယ်။ အခုအချိန်မှာတော့ သူ အဆင်သင့်ဖြစ်နေပါပြီ။ ယမန်နေ့၊ လေ့ကျင့်ရေးအစီအစဉ်မှာလည်း သူ့ရဲ့ခံစားချက်တွေ ရောထွေးနေခဲ့ပါတယ်။ ဒါပေမဲ့ ခြုံပြီးပြောရရင် သူ အဆင်ပြေပါတယ်။ ဝီစလေဖိုဖာနာလည်း အဆင်ပြေပါတယ်။ ယမန်နေ့လေ့ကျင့်ရေးအစီအစဉ်ကို ဖိုဖာနာ အဆုံးထိ ပါဝင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး မာရက်စ်ကာက ဘုန်းမောက်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အတွင်း ပုခုံးဒဏ်ရာခံစားခဲ့ရတဲ့ ဒီလပ်ကို ဒဏ်ရာပြန်သက်သာလာစေဖို့ အချိန်ပေးရလိမ့်မယ်လို့ ဆိုပါတယ်။ ချဲလ်ဆီးနည်းပြက “ နှစ်ပတ်၊ သုံးပတ် သို့မဟုတ် လေးပတ်လောက်အထိ ကြာနိုင်ပါတယ်။ ဒီလပ်အတွက် အချိန်ဘယ်လောက်လိုအပ်မလဲဆိုတာ ကျွန်တော် အတိအကျမသိပါဘူး”လို့ ပြောပါတယ်။
ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက်နိုင်ပွဲပျောက်ဆုံးထားတဲ့ ချဲလ်ဆီးက ဘာစီလိုနာကို သုံးဂိုးပြတ်အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ကိုးပွဲအထိ အနိုင်ရရှိခဲ့တဲ့ခြေစွမ်းမျိုး ပြန်လည်ရရှိဖို့အတွက် ရုန်းကန်နေရပါတယ်။