ချဲလ်ဆီးကစားသမား ၃ ဦးနဲ့ ရင်းနှီးပြီးသားဖြစ်ကြောင်း ပြောကြားလာတဲ့ ရိုဆင်နီယာ
ချဲလ်ဆီးနည်းပြအဖြစ် စတင်ဆောင်ရွက်နေပြီဖြစ်တဲ့ လီယမ်ရိုဆင်နီယာက သူဟာ အသင်းသို့ မရောက်ခင်ကတည်းက အသင်းမှာလက်ရှိကစားနေတဲ့ ကစားသမား ၃ ဦးနဲ့ရင်းနှီးပြီးသားဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ရိုဆင်နီယာဟာ ယခုနှစ်ပရီးမီးယားလိဂ်ရာသီမှာ အသင်းလိုက် ပျမ်းမျှအသက်အရွယ် အငယ်ဆုံးဖြစ်တဲ့ချဲလ်ဆီးသို့ ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။ စထရာဘော့နည်းပြဟောင်းအနေနဲ့ ယခင်က ပြင်သစ်မြေမှာ ယခုထက်ပိုမိုငယ်ရွယ်တဲ့အသင်းကို ကိုင်တွယ်ခဲ့ဖူးပေမယ့် ချဲလ်ဆီးမှာရင်ဆိုင်ရမယ့် မျှော်လင့်ချက်တွေကိုတော့ ဖြည့်ဆည်းပေးနိုင်ဖို့ ရုန်းကန်သွားရမှာဖြစ်ပါတယ်။
ယခုအခါ ရိုဆင်နီယာက သူနဲ့ရင်းနှီးပြီးသားကစားသမားတွေနဲ့ပတ်သက်ပြီး "ကျွန်တော့်အတွက်တော့ ဒါဟာ စစ်မှန်တဲ့ နည်းပြလုပ်ငန်းပါပဲ။ အနိုင်ရဖို့ဆိုရင် တိုးတက်ဖို့လိုတယ်၊ တိုးတက်ဖို့ဆိုရင် ပြုစုပျိုးထောင်ဖို့လိုပြီး တစ်ဦးချင်းစီရဲ့ အရည်အသွေးကို မြှင့်တင်ပေးရမှာပါ"
"ကျွန်တော် ဟားလ်စီးတီးမှာတုန်းက လီယမ် ဒီလက်ပ်နဲ့ အတူတူ အလုပ်လုပ်ခဲ့ဖူးပြီး အချိန်ကောင်းတွေ ရှိခဲ့ပါတယ်။ သူ့ကို ဒီကလပ်မှာ မြင်ရပြီး တစ်ခါပြန် အလုပ်တွဲလုပ်ရတာ ဝမ်းသာစရာပါ။" "ရောဘတ် ဆန်းချက်ဇ်ကိုတော့ သူ ဘရိုက်တန်လူငယ်အသင်းကနေ တက်လာတဲ့ အသက် ၁၆ နှစ်သားကတည်းက ကျွန်တော် သိခဲ့တာပါ။ ဒါကြောင့် ရောဘတ်အကြောင်းကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ အန်ဒရေဆန်းတို့စ်ကလည်း စထရာဘော့ကလာတာဆိုတော့ ကျွန်တော် သူနဲ့အလုပ်တွဲလုပ်ဖူးပါတယ်။ မန်စီးတီးနဲ့ပွဲမှာ သူတကယ်ကောင်းခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရိုဆင်နီယာက "ကျွန်တော် လုပ်ချင်တာက သူတို့အားလုံးကို အမြန်ဆုံး ရင်းနှီးအောင် လုပ်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ကို ကောင်းကောင်းသိပြီဆိုရင် သူတို့ကို ပိုတိုးတက်အောင် လုပ်ပေးနိုင်လို့ပါပဲ။ တစ်ဦးချင်းစီ တိုးတက်လာရင် အသင်းလိုက်ပါ တိုးတက်လာပြီး ပွဲတွေကို အနိုင်ရမှာပါ။ ဒါကို ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ နည်းပြအဖွဲ့က ဒီမှာ အမြန်ဆုံး လုပ်ဆောင်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။