The network connection is lost.

Banner Image

တိုမီနေးကို ရောင်းချခဲ့လို့ ယူနိုက်တက်ကို စိတ်ပျက်မိကြောင်း ဖွင့်ဟလာတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားက ကွင်းလယ်လူ စကော့မက်တိုမီနေးကို ရောင်းချခဲ့တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်းပြောကြားလာခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်နဲ့ ဟယ်ရီမက်ဂွါရီတို့ကိုတော့ အိုးလ်ထရက်ဖို့ဒ်မှ ဆက်ရှိနေကြလို့ ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ 

ယူနိုက်တက်ရဲ့ အကယ်ဒမီထွက်ကစားသမား တိုမီနေးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အိုးလ်ထရက်ဖို့ဒ်မှ ရောင်းချခံခဲ့ရတာဖြစ်ပြီး ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်းနဲ့ စီးရီးအေကလပ် နာပိုလီသို့ ရောက်ရှိသွားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်ဖို့ တိုမီနေးကို ရောင်းချခဲ့ရတာလည်းဖြစ်ပါတယ်။ 

စီးရီးအေသို့ရောက်ရှိချိန်မှာတော့ စကော့တလန်လက်ရွေးစင်ဟာ ပွဲဦးထွက်ရာသီမှာပဲ နာပိုလီအတွက် အလွန်အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ် ရပ်တည်ထားပြီး အထင်ကြီးလောက်စရာစွမ်းဆောင်ရည်တွေကို တောက်လျှောက်ပြသထားနိုင်တာဖြစ်ပါတယ်။ ယခုရာသီမှာ ကစားသမားဟာ နာပိုလီအတွက် ပြိုင်ပွဲစုံမှာ ၇ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၄ ကြိမ်အထိပြုလုပ်ပေးထားနိုင်ပြီဖြစ်ပါတယ်။ 

သို့သော်လည်း တိုမီနေးကိုထွက်ခွာခွင့်ပေးခဲ့တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “တိုမီနေးက နာပိုလီမှာ အတော်လေးအခြေအနေကောင်းနေပါတယ်။ ဒါပေမယ့် သူ့ကိုထွက်ခွာခွင့်ပြုခဲ့တဲ့ ယူနိုက်တက်ကိုတော့ ကျွန်တော်စိတ်ပျက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ရာသီမှာ သူက သွင်းဂိုးတွေနဲ့ အသင်းအတွက် အရမ်းအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့လို့ပါ။ ယူနိုက်တက်အပေါ်ထားတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့ ခြေစွမ်းတွေက အရမ်းအရေးကြီးခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

သို့သော်လည်း နော်ဝေးလက်ရွေးစင်ဟောင်းက ဖာနန်ဒက်စ်နဲ့ မက်ဂွါရီတို့ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ကျန်ရှိခဲ့တဲ့အတွက်တော့ ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဆိုးလ်ရှားက “ဘရူနိုဖာနန်ဒက်စ်နဲ့ ဟယ်ရီမက်ဂွါရီတို့ ယူနိုက်တက်မှာ ပုံစံကောင်းတွေ ဆက်လက်ထိန်းသိမ်းထားနိုင်တာကို မြင်ရတာ‌တော့ ဝမ်းသာစရာပါ” လို့ပြောကြားခဲ့ပါတယ်။ 
တိုမီနေးဟာ ယူနိုက်တက်ကစားသမားဘဝကို နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုလက်ထက်မှာ စတင်ခဲ့တာဖြစ်ပေမယ့် ဆိုးလ်ရှားလက်ထက်ရောက်မှသာ ပုံမှန်ပွဲထွက်ခွင့်စတင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့လက်အောက်မှာ အသက်-၂၈ နှစ်အရွယ်ကစားသမားဟာ စုစုပေါင်း ၁၁၅ ပွဲအထိကစားခဲ့ပြီဂ ၁၄ ဂိုးသွင်းယူကာ ယုံကြည်အားထားရတဲ့ကွင်းလယ်လူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ဆိုးလ်ရှားကလည်း ဘက်ဆစ်တက်စ်ကို ဦးဆောင်နေပြီဖြစ်ပြီး အသင်းအတွက် ၆ ပွဲကိုင်တွယ်ထားရာမှာ ၅ ပွဲအထိ နိုင်ပွဲဖော်ဆောင်ပေးထားနိုင်ပါတယ်။ လာမယ့်စနေနေ့မှာတော့ ဘက်ဆစ်တက်စ်ဟာ ကေဆာရီစပေါ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယူနိုက်တက်ကတော့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။