The network connection is lost.

Banner Image

အာမိုရင်ရဲ့ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာတဲ့ ဒေါ်ဂူ

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ပက်ထရစ်ဒေါ်ဂူက အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ ရူဘင်အာမိုရင်ရဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။  အာမိုရင်ဟာ ယူနိုက်တက်နည်းပြအဖြစ်ဆောင်ရွက်စဉ်က အသင်းရဲ့အကယ်ဒမီကစားသမား၊ သူကိုယ်တိုင် မြေတောင်မြှောက်ပေးခဲ့တဲ့ ကစားသမား၊ အသင်းသို့အသစ်ခေါ်ယူထားခဲ့တဲ့ ကြယ်ပွင့်ကစားသမားတွေအထိ အမည်တပ်ဝေဖန်လေ့ရှိသူဖြစ်ပြီး အဲဒီအထဲမှာ ဒေါ်ဂူကလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ 

ယူနိုက်တက်မှ ထုတ်ပယ်မခံရမီ ရက်သတ္တပတ် ၂ ပတ်ခန့်အလိုတုန်းကလည်း အာမိုရင်ဟာ အသင်းရဲ့ကြယ်ပွင့် ဒေါ်ဂူကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီသားနည်းပြက "ဒေါ်ဂူအနေနဲ့ ဘောလုံးကစားချိန်မှာ ဒီထက်ပိုပြီး တည်ငြိမ်ဖို့လိုပါတယ်။ သူက ဘောလုံးထိလိုက်တိုင်းမှာ စိုးရိမ်ပူပန်မှုတွေဖြစ်နေပါတယ်။ ကျွန်တော်ပါ အဲဒီစိုးရိမ်စိတ်ကို ခံစားမိပါတယ်။ အဲဗာတန်နဲ့ပွဲတုန်းက သူ့ရဲ့ကန်ချက်ကို မှတ်မိကြမှာပါ"

"ဒိန်းမတ်အသင်းအတွက်ကစားခဲ့တုန်းက ဒီထက်ပိုကောင်းပါတယ်။ စကော့တလန်နဲ့ပွဲမှာဆို သူလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေထက် ဒီကအခြေအနေကပိုလွယ်ပါတယ်။ အီတလီမှာတုန်းကလည်း သူ့ရဲ့ဆုံးဖြတ်ချက်တွေ မှန်ကန်တာကို ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ဒီမှာတော့ အဲ့လိုမဟုတ်ပါဘူး။ကစားသမားတွေက တစ်ခါတလေမှာ ဖိအားဒဏ်တွေကို မခံနိုင်ကြပါဘူး။ ဒါပေမယ့် သူ့မှာတိုးတက်ဖို့အချိန်တွေအများကြီးကျန်ပါသေးတယ်" လို့လူသိရှင်ကြားပြောကြားခဲ့တာဖြစ်ပါတယ်။ 

အာမိုရင်ဟာ အသင်းရဲ့အကယ်ဒမီကစားသမားတွေဖြစ်တဲ့ ချီဒိုအိုဘီနဲ့ ဟာရီအားမက်စ်တို့လိုကြယ်ပွင့်တွေကိုလည်း လူသိရှင်ကြားဝေဖန်မှုတွေပြုလုပ်ခဲ့ပြီး ကစားသမားတွေရဲ့ တုံ့ပြန်မှုတွေနဲ့လည်း ပြန်လည်ကြုံတွေ့ခဲ့ရပါတယ်။ 
ယခုအခါမှာ ဒေါ်ဂူကလည်း "သူပြောချင်တဲ့အဓိပ္ပာယ်က ဒီလိုမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်။ ကျွန်တော်က အမြဲတမ်း စိုးရိမ်ပူပန်တတ်တယ်ဆိုတာကို ကျွန်တော်သဘောမတူပါဘူး။ ဒါပေမယ့် လက်ရွေးစင်အသင်းမှာ‌လောက် ဒီမှာကောင်းကောင်းမကစားနိုင်ဘူး‌ဆိုတာတော့ သဘောတူပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ ဝေဖန်ခံရလို့ဆိုပြီး အိပ်ရာထဲဝင်ငိုနေစရာမလိုပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

အာမိုရင်ရဲ့ဝေဖန်မှုကိုခံရပြီးနောက်မှာတော့ ဒေါ်ဂူဟာ ခြေစွမ်းပိုမိုကောင်းမွန်လာခဲ့ပြီး နောက်ဆုံး ၅ ပွဲမှာ ၁ ဂိုးသွင်း ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ယခုအခါ ယာယီနည်းပြ ဒါရင်းဖလက်ချာလက်အောက်မှာတော့ ဒေါ်ဂူအနေနဲ့ ခြေစွမ်းကောင်းတွေ ဆက်လက်ထိန်းသိမ်းသွားနိုင်မလား စောင့်ကြည့်ရပါမယ်။