The network connection is lost.

Banner Image

မက်ဂွါရီကို စာချုပ်သက်တမ်းတိုးမယ့်အစီအစဉ်အား ယူနိုက်တက်ကစားသမားဟောင်း တားမြစ်

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ပေါ်လ်ပါကာက အသင်းအနေနဲ့ နောက်ခံလူ ဟယ်ရီမက်ဂွါဒီကို စာချုပ်သက်တမ်းတိုးမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားသင့်ကြောင်း သတိပေးပြောကြားလာခဲ့ပါတယ်။ မကြာသေးမီကထွက်ပေါ်လာတဲ့သတင်းတွေအရ ယူနိုက်တက်ဟာ မက်ဂွါရီကို လက်ရှိပေးချေနေရတဲ့ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၉ သောင်းကို လျှော့ချဖို့လက်ခံပါက ကာလရှည်စာချုပ်ချုပ်ဆိုဖို့အတွက် ဆန္ဒရှိနေတယ်လို့သိရပါတယ်။

ယူနိုက်တက်ဘက်ကတော့ အဆိုပါသတင်းကို အတည်ပြုထားခြင်းမရှိသေးသလို၊ ကစားသမားကလည်း ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာကြောင့် ဆွေးနွေးမှုတွေပြုလုပ်ဖို့အတွက်လည်း အဆင်သင့်မဖြစ်သေးဘူးလို့ သတင်းတွေကဆိုပါတယ်။

ယခုရာသီမှာ မက်ဂွါရီကဟာ ကြံ့ခိုင်မှုပြဿနာတွေကြောင့် ယူနိုက်တက်ရဲ့ပွဲစဉ်တွေကို ၅ ပွဲအထိလွဲချော်ထားပြီး ပရီးမီးယားလိဂ်မှာလည်း ၄ ကြိမ်သာပွဲထွက်ကစားခွင့်ရထားပါတယ်။ ဒါ့အပြင် အင်္ဂလန်သားအနေနဲ့ ကြံ့ခိုင်မှုပြည့်ဝနေချိန်မှာလည်း နည်းပြရူဘင်အာမိုရင်ရဲ့ အဓိကနောက်တန်းကစားသမားတစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခြင်းမရှိခဲ့ပါဘူး။ 

အသက်-၃၂ နှစ်အရွယ်ကစားသမားဟာ နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်တွေမတိုင်မီကတည်းက ဒဏ်ရာကြောင့် ယူနိုက်တက်အတွက်ကစားပေးနိုင်ခဲ့ခြင်းမရှိဘဲ အနားယူနေခဲ့ရတာြဖစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နောက်ခံလူ ဒီလစ်ချ်ကလည်း ၂ ပွဲဆက်မပါဝင်နိုင်ခဲ့တာကြောင့် အာမိုရင်အနေနဲ့ လူငယ်နောက်ခံကစားသမားလေး အဒမ်ဟဲဗန်းကို ဝက်စ်ဟမ်း၊ ဝုဗ်တို့နဲ့ပွဲစဉ်တွေမှာ ပွဲထုတ်ခဲ့ရပါတယ်။ 

ယခုအခါမှာ မက်ဂွါရီနဲ့ပတ်သက်ပြီး ပါကာက "သူ့ကို စာချုပ်သစ်ကမ်းလှမ်းဖို့ဆိုတာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီစာချုပ်ကိုကမ်းလှမ်းမယ့်သူက နည်းပြလား၊ ဒါမှမဟုတ် သူ့ကိုသဘောကျနေတဲ့ အသင်းရဲ့ထိပ်သီးပိုင်းကပုဂ္ဂိုလ်လားဆိုတာ ကွဲကွဲပြားပြားသိဖို့လိုပါတယ်"

"ကိုယ်ကြိုက်တဲ့ကစားသမားကို အသင်းမှာဆက်ထားချင်တဲ့စိတ်က အသင်းကိုထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ရှေ့ကိုဆက်သွားမယ့်အသင်းအနေနဲ့ မက်ဂွါရီကိုကမ်းလှမ်းဖို့က ပြန်စဉ်းစားသင့်တဲ့အရာပါ။ အခု ယူနိုက်တက်မှာ လူငယ်ကစားသမားလေး ဟဲဗန်းက ခြေစွမ်းပြနေပြီဖြစ်သလို၊ မာတီနက်ဇ်ကလည်း ပြန်လာပါပြီ။ ပြီးတော့ ဒီလစ်ချ်ကလည်း အရမ်းတော်တဲ့ကစားသမားပါ။ လန်နီယိုရိုနဲ့ လုခ်ရှောတို့ကလည်း အရေးပါပါတယ်။ လုခ်ရှောကလည်း အသက်အရွယ်အရ အကျဘက်ကိုရောက်နေပေမယ့် အလုပ်လုပ်နိုင်ပါသေးတယ်"

"ဒါပေမယ့် မက်ဂွါရီကိုစာချုပ်သစ်ချုပ်ဖို့တော့ မသင့်တော်ပါဘူး။ သူ့အနေနဲ့ အခြားအသင်းမှာ ပုံမှန်ပွဲထွက်ရမှာသေချာနေလို့ အသင်းကနေထွက်ခွာခွင့်ပြုသင့်ပါတယ်။ ယူနိုက်တက်အနေနဲ့ ရှေ့ဆက်နိုင်ဖို့ဆိုရင် ဒီလိုကစားသမားတွေမရှိမှပဲရပါမယ်" လို့ပြောကြားခဲ့ပါတယ်။