ရှေးလေစီကို အနီကတ်ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို ဖလက်ချာဝေဖန်
မန်ချက်စတာယူနိုက်တက်ယာယီနည်းပြ ဒါရင်းဖလက်ချာက တနင်္ဂနွေနေ့ညက ဘရိုက်တန်ကို ၁-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အသင်းရဲ့တောင်ပံကစားသမားလေး ရှေးလေစီကိုအနီကတ်ပြထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ဟာ အလွန်ရယ်စရာကောင်းတယ်လို့ ဝေဖန်ပြောကြားလာခဲ့ပါတယ်။
အသက်-၁၈ နှစ်အရွယ်သာရှိသေးတဲ့ လေစီဟာ ယခုပွဲစဉ်မှာ ဒုတိယပိုင်းပွဲကစားချိန် ၆၂ မိနစ်မှာ လူစားလဲဝင်ရောက်လာခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၈၇ မိနစ်ခန့်မှာ ဘရိုက်တန်ကစားသမား ကာဒီယိုဂလူကို ကစားပုံကြမ်းခဲ့လို့ အဝါကတ်ပြသခံခဲ့ရပါတယ်။
ထို့နောက်မှာတော့ လေစီအနေနဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုမကျေမနပ်ဖြစ်ခဲ့ပြီး ဘောလုံးကို မြေကြီးပေါ်သို့ပစ်ပေါက်ခဲ့ရာမှာ ဒိုင်က နောက်ထပ်တစ်ကြိမ်အဝါကတ်ပြသပြီး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဖလက်ချာက သူ့အနေနဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို နားမလည်နိုင်ကြောင်းနဲ့ အလွန်ရယ်စရာကောင်းပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ဖလက်ချာက "ရှေးလေစီရဲ့ အဝါကတ်ပြစ်ဒဏ်က အတော်လေးရယ်စရာကောင်းပါတယ်။ သူ့ရဲ့ပြစ်ဒဏ်ကျူးလွန်မှုက ကျွန်တော်တို့တစ်ပွဲလုံခံခဲ့ရတဲ့ ပြစ်ဒဏ်ဘောတွေနဲ့နှိုင်းယှဉ်လိုက်ရင် အတော်လေး သေးငယ်ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်က အမှားလုပ်ပြီး သူ့ကို အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။ ဒါက ကျွန်တော့်အတွက်တော့ ကွင်းလယ်ဒိုင်ရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်လို့ထင်ပါတယ်"
"အနီကတ်ပြခံရလို့ လေစီကတော့ အခုချိန်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။ ဒါကလည်း သူက အသင်းကိုအရမ်းဂရုစိုက်တဲ့ကစားသမားဖြစ်နေလို့ပါ။ ဒီကနေ သင်ယူသွားနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ သူက ပါရမီရှင်ကစားသမားတစ်ယောက်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ဒီနေ့သူကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံကနေ သင်ယူနိုင်ပါလိမ့်မယ်"
"သူက လက်ရှိအိုးလ်ထရက်ဖို့ဒ်ရဲ့ အတောက်ပဆုံးလူငယ်ကြယ်ပွင့်တွေထဲကတစ်ယောက်ပါ။ ဒီနေ့ သူကြုံခဲ့ရတဲ့ အမှားအတွက် အနာဂတ်မှာ ပြန်လည်ပေးဆပ်သွားဖို့ အခွင့်အရေးရှိပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။