ယူနိုက်တက်အနေနဲ့ ဆိုးလ်ရှားကို ရာထူးကနေမထုတ်ပယ်ခဲ့သင့်ကြောင်း ပြောကြားလာတဲ့ မာတစ်
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း နီမန်ဂျာမာတစ်က ယူနိုက်တက်အနေနဲ့ နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားကို ရာထူးကနေထုတ်ပယ်ခဲ့ခြင်းမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့တဲ့ ၂ ရာသီအတွင်းမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၃ နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်အောင် ၂ နှစ်ဆက်တိုက်စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် တတိယမြောက်ရာသီမှာတော့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
ယခုအခါ အီတလီကလပ် ဆက်ဆူအိုလိုမှာကစားနေတဲ့ ယူနိုက်တက်ကြယ့်ပွင့်ဟောင်း မာတစ်က "ဆိုးလ်ရှားလက်ထက်မှာ ကျွန်တော်တို့ အဆင့် ၂ နဲ့ အဆင့် ၃ နေရာတွေမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းက အသင်းရဲ့အဆင့်အတန်းက အဆင့် ၂ ရတာတောင်မှ မကျေနပ်နိုင်ဖြစ်ခဲ့ကြတဲ့အခြေအနေပါ။ ဒါပေမယ့် အခုလက်ရှိယူနိုက်တက်နဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ အံ့ဩစရာကောင်းလောက်အောင်စွမ်းဆောင်နိုင်ခဲ့တယ်လို့ထင်ပါတယ်"
"ဆိုးလ်ရှားအနေနဲ့ ဒီထက်ပိုပြီး ယူနိုက်တက်မှာအချိန်ရသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆိုးလ်ရှားပဲမဟုတ်ဘဲ သူ့ရဲ့လက်ထောက်တွေဖြစ်တဲ့ မိုက်ကယ်ကာရစ်နဲ့ ကီရန်မက်ကန်နာတို့လည်း အသင်းမှာဆက်ရှိခဲ့သင့်ပါတယ်။ သူတို့က ယူနိုက်တက်ကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် ဆွဲခေါ်ခဲ့ကြသူတွေပါ"
"ဒါပေမယ့် အသင်းဘက်ကတော့ နောက်ဆုံးရလဒ်အနည်းငယ်အပေါ်မူတည်ပြီး ဆိုးလ်ရှားကိုထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆိုးလ်ရှားက ယူနိုက်တက်နဲ့ကိုက်ညီတဲ့ပုံစံရှိပြီး အရမ်းတော်တဲ့လူတစ်ယောက်ပါ။ သူနဲ့သူ့ရဲ့လက်ထောက်တွေက ဘောလုံးကိုကောင်းကောင်းနားလည်ကြသလို၊ လေ့ကျင့်ခန်းအစီအစဉ်တွေမှာလည်း အသေးစိတ်ကအစ ပြည့်စုံကောင်းမွန်ခဲ့ပါတယ်"
"ဆိုးလ်ရှားက လူကောင်းတစ်ယောက်ဖြစ်သလို၊ ကျွန်တော်တို့ကလည်း ကြီးမားတဲ့အောင်မြင်မှုဆီ ဦးတည်နေတဲ့အချိန်မို့လို့ သူထွက်သွားရတဲ့အခါ တကယ်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကျွန်တော်က သူ့ရဲ့ကွင်းလယ်အတွက်တော့ ပထမဦးစားပေးကစားသမားမဟုတ်ခဲ့ပါဘူး။ ပုံမှန်ဆိုရင် ကျွန်တော်က ပွဲထွက်ခွင့်မရရင် နည်းပြတွေနဲ့ ပြဿနာတက်လေ့ရှိပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားက ကျွန်တော်နဲ့ပြဿနာမတက်ခဲ့တဲ့ ပထမဆုံးနည်းပြက သူက ပွဲထွက်ခွင့်မရတဲ့ကစားသမားတွေကိုတောင် စည်းလုံးစေပါတယ်။ ယူနိုက်တက်အကြောင်းကို ကောင်းကောင်းနည်းလည်သလို၊ ပရိသတ်တွေကလည်း သူ့ကိုချစ်ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။