The network connection is lost.

Banner Image

ဝဲလ်ဘတ်သာ ယူနိုက်တက်ထံပြန်လာမယ်ဆို ပရိသတ်တွေ ဝမ်းသာအားရကြိုဆိုကြလိမ့်မယ်လို့ ဆိုလာတဲ့ ဖီးလ်ဂျုံးစ်

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဖီးလ်ဂျုံးစ် ဘရိုက်တန်အသင်းမှာကစားနေတဲ့ တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်သာ အိုးလ်ထရက်ဖို့ဒ်သို့ တကျော့ပြန်လာမယ်ဆိုပါက အသင်းပရိသတ်တွေအနေနဲ့ ဝမ်းသာအားရ လက်ခံကြိုဆိုကြလိမ့်မယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ဟာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် အိုးလ်ထရက်ဖို့ဒ်မှာယှဉ်ပြိုင်ခဲ့ကြပြီး ကစားသမားဟောင်း ဝဲလ်ဘတ်ရဲ့သွင်းဂိုးနဲ့အတူ ဘရိုက်တန်က ယူနိုက်တက်ကို ၁-၂ နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ဖီးလ်ဂျုံးစ်က "ဝဲလ်ဘတ် ယူနိုက်တက်ကို စရောက်တဲ့အချိန်ကတည်းက သူဟာ ထူးချွန်တဲ့ကစားသမားတစ်ယောက်ဆိုတာ ကျွန်တော်မှတ်မိပါတယ်။ သူ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်သွားတော့ ယူနိုက်တက်ပရိသတ်တွေ ဝမ်းနည်းခဲ့ကြတယ်လို့ထင်ပါတယ်။ အခုချိန်မှာ သူသာ ပြန်လာမယ်ဆိုရင် ပရိသတ်တွေ ဝမ်းသာအားရ ပြန်လက်ခံကြပါလိမ့်မယ်"

"ဒီနေ့ပွဲမှာ သူကစားသွားတာ တကယ်ကိုအံ့မခန်းပါပဲ။ သူ့ကိုယ်သူထိန်းသိမ်းပုံနဲ့၊ ဘောလုံးအပေါ် မြှုပ်နှံထားမှုတွေက တကယ့်ကို စံပြပါပဲ။ သူ့ကိုစောင့်ကြည့်နေတဲ့ကလေးတွေအတွက်လည်း သူက အတုယူစရာကစားသမားတစ်ယောက်ပါ" လို့ပြောကြားခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ယခုနှစ်ရာသီမှာ ဘရိုက်တန်အတွက်ခြေစွမ်းပြနေတဲ့ ဝဲလ်ဘတ်ကို လာမယ့်နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ဖို့ကိုလည်း ‌တောင်းဆိုမှုတွေရှိနေတယ်လို့သိရပါတယ်။ ဆက်လက်ပြီး ဖီးလ်ဂျုံးစ်က "ကျွန်တော်တို့ နံပါတ် ၉ တိုက်စစ်မှူးနေရာအတွက် မကြာခဏပြောလေ့ရှိကြပါတယ်။ ဒီနွေရာသီမှာ အင်္ဂလန်အသင်းအတွက် ဟယ်ရီကိန်းလိုအကျိုးပြုနိုင်တဲ့ နောက်ထပ်ကစားသမားတစ်ယောက်ဆိုရင်တော့ ဝဲလ်ဘတ်ပဲရှိပါတယ်။ ကျွန်တော်သာ အင်္ဂလန်နည်းပြဆိုရင် သူ့ကိုသေချာပေါက်ရွေးမှာပါ။ သူက အင်အားတွေရှိနေသေးသလို၊ လျင်မြန်မှုကလည်းမကျသေးဘဲ ဂိုးတွေလည်းဆက်တိုက်သွင်းနေတဲ့သူပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။