နာပိုလီဆိုတာ ဘယ်တော့မှအရှုံးမပေးတဲ့ အသင်းတစ်ခုပါလို့ ဆိုလိုက်တဲ့ မက်တိုမီနေး
စကော့မက်တိုမီနေးက နာပိုလီအတွက် အရှုံးပေးလိုက်မယ်ဆိုတဲ့အသုံးအနှုန်းရဲ့အဓိပ္ပါယ်ကို မသိရှိထားဘူးလို့ အာမခံပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ စီးရီးအေချန်ပီယံဆုတိုက်ပွဲက အတော်လေးပြင်းထန်ခဲ့ပြီး အခုတစ်ကြိမ်မှာလည်း အလားတူအခြေအနေမျိုး ပြန်လည်မြင်တွေ့ရဖွယ် ရှိပါတယ်။
ဒီနေ့မနက်ပိုင်း၊ ဆန်စီရိုမှာ အင်တာမီလန်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း အိမ်ရှင်တွေက ဒီမာကို၊ ကယ်လ်ဟာနိုဂလူ(ပင်နယ်တီ)တို့ရဲ့သွင်းဂိုးတွေနဲ့ နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ဧည့်သည်တွေအတွက် အထူးခြေစွမ်းပြနေတဲ့ တိုမီးနေးရဲ့ချေပဂိုးတွေကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
DAZN Italia နဲ့တွေ့ဆုံချိန် သူတို့အသင်းလက်ရှိရင်ဆိုင်နေရတဲ့အကျပ်အတည်းနဲ့ပတ်သက်လို့ မက်တိုမီနေးက “ ကျွန်တော်ကတော့ ပြိုင်ပွဲထဲမှာရှိနေတယ်လို့ပဲ အမြဲတမ်းတွေးထားပါတယ်။ ကစားသမားတွေကိုယ်တိုင်လည်း အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်။ အခုအချိန်မှာ အသင်းအတွက် အန်ဂွီဆာ၊ လူကာကူ၊ ဂီလ်မော၊ ဒီဘရိုင်းတို့ မပါဝင်နိုင်ပါဘူး။ ရာသီအစမှာဆိုရင် ရာမာနီ မပါဝင်နိုင်သလို နီရက်စ်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ အင်တာမီလန်အတွက် လော်တာရိုမာတီနက်ဇ်၊ မားကပ်စ်သူရမ်၊ ဘာရယ်လာ၊ ကယ်လ်ဟာနိုဂလူတို့ မရှိတဲ့ပုံစံမျိုးလို့ ကျွန်တော်ဆိုလိုချင်တာပါ။
အခုလိုမျိုးပွဲစဉ်တိုင်းကို တွန်းအားပေးဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် ကစားသမားတွေကိုလည်း အမှန်တကယ်ချီးကျူးမိပါတယ်။ နည်းပြနဲ့ဝန်ထမ်းအဖွဲ့ဝင်တွေက ကျွန်တော်တို့တွေ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ အရာအားလုံးကို နေရာချထားပေးပါတယ်။ ကောင်လေးတွေလည်း သန့်သန့်ရှင်းရှင်းကစားသွားခဲ့ပါတယ်။ ဒီနေရာမှာ လက်မြှောက်အရှုံးပေးဖို့ မလိုအပ်ပါဘူး”လို့ ပြောပါတယ်။
သဘာဝကျစွာပဲ မက်တိုမီနေးက Lega Serie A ရဲ့ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို သိမ်းပိုက်သွားခဲ့ပါတယ်။ မက်တိုမီနေးက အင်တာမီလန်ရဲ့ပထမဦးဆောင်ဂိုးမှာ သူ့ရဲ့အမှားကို ရှင်းရှင်းလင်းလင်းသိမြင်ခဲ့ပြီး အလျှော့မပေးတဲ့အပြုအမူကောင်းနဲ့အတူ သွင်းဂိုးနှစ်ဂိုးဖြင့် ပြန်လာနိုင်ခဲ့လို့ နာပိုလီအတွက် သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။
နေပယ်လ်ဟီးရိုးက “ အမှန်ပါပဲ၊ အမှားဆိုတာ ဘောလုံးရဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ လဲကျသွားလို့ မရပါဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး အကောင်းဆုံးကြိုးစားသွားရပါမယ်။ ဘောလုံးမှာ လူတိုင်း အမှားကျူးလွန်မိတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်က အကောင်းဆုံးပေးဆပ်ပြီး အသင်းကို တက်နိုင်သမျှ ကူညီပေးသွားချင်ပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် စီးရီးအေချန်ပီယံပြေးလမ်းက ဆက်လက်အသက်ဝင်နေပါတယ်။ လတ်တလောမှာ အင်တာမီလန်က ရမှတ် ၄၃ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး အေစီမီလန်က ၄၀ မှတ်၊ နာပိုလီက ၃၉ မှတ်တို့ဖြင့် အစဉ်လိုက်ရှိနေပါတယ်။
ရိုးမားကလည်း ၃၉ မှတ် ရရှိထားပြီး ဂျူဗင်တပ်စ်သာ ဒီညပွဲစဉ်ကို အနိုင်ရရှိမယ်ဆိုရင် ရောမသားတွေကို အမီလိုက်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ပွဲစဉ်ဇယားရေးဆွဲထားမှုအရ လာမယ့်သီတင်းပတ်ကြားရက်မှာ အင်တာမီလန်၊ အေစီမီလန်နဲ့ နာပိုလီတို့ လက်ကျန်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရပါမယ်။