ဖာနန်ဒက်စ်ဒဏ်ရာရရှိသွားတာက ယူနိုက်တက်အတွက်ကြီးမားတဲ့ပြဿနာဖြစ်တယ်လို့ ထောက်ပြလာတဲ့ ရှမိုက်ကယ်
တနင်္ဂနွေနေ့ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာကို ၂-၁ နဲ့အရေးနိမ့်ခဲ့သလို၊ အဆိုပါပွဲစဉ်မှာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ပါ ဒဏ်ရာရရှိသွားတာကြောင့် မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က အသင်းမှာကြီးမားတဲ့ ပြဿနာရှိနေပြီလို့ ပြောကြားလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်အတွင်း ယူနိုက်တက်ဟာ ကစားပုံကောင်းခဲ့ပြီး အခွင့်အရေးတွေလည်း အများအပြားဖန်တီးနိုင်ခဲ့ပေမယ့် အက်စတွန်ဗီလာအတွက်ဂိုးတွေကို မော်ဂန်ရော်ဂျာကသွင်းယူပေးခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ ဗီလာပါ့ခ်မှာ ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူနိုက်တက်အတွက်နောက်ထပ်ထိုးနှက်ချက်အနေနဲ့ အသင်းခေါင်းဆောင်ဖာနန်ဒက်စ်ကလည်း တံကောက်ကြောဒဏ်ရာရရှိသွားတာကြောင့် ပထမပိုင်းအပြီးမှာပဲ လူစားလဲခဲ့ရပါတယ်။
ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး နည်းပြရူဘင်အာမိုရင်က "သူ့ရဲ့ဒဏ်ရာက ထူးဆန်းပါတယ်။ ကြွက်သားကိုထိခိုက်မိခဲ့တာပါ။ သူ့အနေနဲ့ အသင်းရဲ့ပွဲစဉ်အချို့ကိုလွဲချော်သွားမယ်လို့ထင်ပါတယ်။ ကျွန်တော်လည်း သေသေချာချာတော့မသိရသေးပါဘူး။ စောင့်ကြည့်ရပါဦးမယ်။ သူက အမြဲတမ်းကြံ့ခိုင်တဲ့လူတစ်ယော်ဆိုတော့ မကြာခင်မှာပဲ ကြံ့ခိုင်မှုပြန်ရလာမယ်လို့မျှော်လင့်ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုအခါမှာတော့ ရှမိုက်ကယ်က "ဖာနန်ဒက်စ်ဒဏ်ရာရသွားတာ ယူနိုက်တက်အတွက်ပြဿနာတစ်ခုပါပဲ။ ကြီးမားတဲ့ပြဿနာပါ။ ဘာကြောင့်လဲဆိုတော့ သူက အသင်းကိုဦးဆောင်နေသူဖြစ်သလို၊ အသင်းခေါင်းဆောင်လည်းဖြစ်နေလို့ပါ"
"ဒီရာသီမှာ ကျွန်တော်တို့သူ့ရဲ့အကောင်းဆုံးပုံစံကိုမမြင်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူအခုကစားနေတဲ့နေရာက သူ့ရဲ့အကောင်းဆုံးအချိန်မှာကစားခဲ့တဲ့နေရာနဲ့မတူလို့ပါ။ သူက နံပါတ် ၁၀ နေရာမှာဆို ပိုကောင်းပါတယ်။ ဒါပေမယ့် လက်ရှိယူနိုက်တက်ရဲ့ကစားကွက်အရ သူ့အတွက်အဲဒီနေရာမှာကစားဖို့မဖြစ်နိုင်ပါဘူး"
"သူ့ကို အဲဒီနေရာမှာပြန်ကစားခိုင်းဖို့လိုပါတယ်။ သူက တစ်ကွင်းလုံးက အသင်းဖော်တွေကိုအကူအညီပေးနိုင်တဲ့ တစ်ဦးတည်းသောကစားသမားပါ။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း သူက အဲဒီနေရာနဲ့ အရမ်းသင့်တော်တယ်ဆိုတာ ကျွန်တော်တို့မြင်တွေ့ခဲ့ရပြီးပါပြီ" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ကစားသမားဟောင်းရွိုင်ကိန်းကလည်း အက်စတွန်ဗီလာနဲ့ပွဲမှ ယူနိုက်တက်ရဲ့နောက်တန်းကစားပုံကိုဝေဖန်ခဲ့ပြီး ကစားသမားတွေက လုံလောက်အောင်ကြိုးစားအားထုတ်မှုမရှိကြဘူးလို့ ပြောကြားခဲ့ပါတယ်။
ကိန်းက ""အသင်းမှာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေရှိတယ်ပဲထားပါဦး။ ဒါပေမယ့် ပွဲကအရမ်းခက်လာချိန်မှာ အကုန်လုံး အားသွန်ခွန်စိုက်နဲ့ အသင်းအတွက်ပေးဆပ်ကစားရပါမယ်။ အခုကတော့ ယူနိုက်တက်မှာ လုံလုံလောက်လောက်အင်အားမစိုက်ထုတ်သူတွေ အရမ်းများပါတယ်"
"ဒါက ဒါလော့တစ်ယောက်တည်းကိုပြောတာမဟုတ်ပါဘူး။ ယူနိုက်တက်က နောက်ဆုံး ၂ ပွဲမှာ ၆ ဂိုးပေးလိုက်ရပါတယ်။ ဒီပုံစံနဲ့ ဘယ်လိုအနိုင်ရမှာလဲ။ လာမယ့်ရက်အနည်းငယ်အတွင်း နယူးကာဆယ်က အိုးလ်ထရက်ဖို့ဒ်ကို လာကစားပါလိမ့်မယ်။ သူတို့လည်း ဒီမှာ ပျော်ပျော်ကြီးပဲကစားသွားကြမှာပါ။ အသင်းကြီးတစ်သင်းအနေနဲ့ ပညာသားပါတဲ့ကစားဟန်အပြင် ကြမ်းတမ်းတဲ့ကစားဟန်လည်း ရှိနေဖို့လိုပါတယ်။ ပွဲကို လှလှပပမကစားနိုင်တဲ့အခါ ကြံ့ကြံ့ခံပြီး ရုပ်ဆိုးတဲ့ပုံစံနဲ့ နိုင်အောင်ကစားနိုင်ရပါမယ်"
"ဘောလုံးမရတဲ့အချိန် ခံစစ်ဆော့တဲ့အခါ ယူနိုက်တက်က ဒီလိဂ်ရဲ့အဆိုးဝါးဆုံးအသင်းတွေထဲက တစ်သင်းပါပဲ။ ဘောလုံးရှိချိန်မှာတော့ သူတို့ကောင်းပါတယ်။ ဒါပေမယ့် ထိပ်တန်းကစားသမားဖြစ်ချင်တယ်ဆိုရင် ဘောလုံးမရှိချိန် ဘယ်လိုကစားရမလဲ ကောင်းကောင်းသိရပါမယ်။ သူတို့အခုလို အပြစ်ပေးခံနေရတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ အသင်းဖော်တွေနဲ့ ပရိသတ်တွေကို စိတ်ပျက်အောင်လုပ်ပြီး အခွင့်အရေးတွေဖြုန်းတီးနေတဲ့ အသင်းတွေ အပြစ်ပေးခံရတာကို မြင်ချင်တာပါ" လို့ပြောကြားခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် အက်စတွန်ဗီလာကတော့ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ သက်တောင့်သက်သာရပ်တည်နေပြီး ဇယားထိပ်ကအာဆင်နယ်နဲ့ ရမှတ် ၃ မှတ်သာကွာဟသလို၊ စတုတ္ထနေရာကို ချဲလ်ဆီးကိုလည်း ၇ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တဲ့ယူနိုက်တက်ကတော့ ဇယားရဲ့ အဆင့် ၇ နေရာသို့ ကျဆင်းသွားခဲ့ပါတယ်။