အဝတ်လဲခန်းထဲမှာ ရော်နယ်ဒိုငိုကြွေးနေတာကို မြင်တွေ့ခဲ့ဖူးကြောင်းဖွင့်ဟလာတဲ့ မိုဒရစ်
ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကွင်းလယ်လူဟောင်း လူကာမိုဒရစ်က သူ့ရဲ့အသင်းဖော်ဟောင်း ရော်နယ်ဒိုတစ်ယောက် အဝတ်လဲခန်းထဲမှာ ငိုကြွေးနေတာကို မြင်တွေ့ခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ မိုဒရစ်ဟာ စပိန်မြို့တော်မှာ စုစုပေါင်း ၁၃ ရာသီအထိကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့အတူ ရနိုင်သမျှ ဆုဖလားအားလုံးကို အပြည့်အဝဆွတ်ခူးနိုင်ခဲ့သလို၊ ကွင်းတွင်းကွင်းပြင်ပရိသတ်အများအပြားရဲ့ အားပေးချစ်ခင်မှုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။
ခရိုအေးရှားလက်ရွေးစင်ဟာ ၂၀၁၂ ခုနှစ်မှာ တော့တင်ဟမ်မှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကြေးပေါင် ၃၃ သန်းနဲ့ရောက်ရှိခဲ့သူဖြစ်ပြီး သူစတင်ရောက်ရှိချိန်မှာ ရီးရဲလ်ဟာ နည်းပြဟိုဆေးမော်ရင်ဟိုရဲ့ဦးဆောင်မှုနဲ့အတူ ဆုဖလားတွေဆက်တိုက်သိမ်းပိုက်ထားချိန်လည်းဖြစ်ပါတယ်။ သို့သော်လည်း ထိုစဉ်က ရီးရဲလ်မက်ဒရစ်ဟာ အရာအားလုံးပြီးပြည့်စုံနေခဲ့တာမဟုတ်ဘဲ အသင်းရဲ့အတောက်ပဆုံးကြယ်ပွင့် ရော်နယ်ဒိုဟာ နည်းပြမော်ရင်ဟိုကြောင့် အဝတ်လဲခန်းထဲမှာ ငိုကြွေးနေခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
မိုဒရစ်က "ကွင်းထဲမှာအရာအားလုံးပေးဆပ်ပြီး ကစားနေတဲ့ရော်နယ်ဒိုကို မော်ရင်ဟိုက အဝတ်လဲခန်းထဲမှာ ငိုအောင်လုပ်ခဲ့တာကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ အပြစ်ကတော့ ရော်နယ်ဒိုက ပြိုင်ဘက်နောက်ခံလူနောက်ကို ပြေးမလိုက်ခဲ့လို့ပါတဲ့" "နည်းပြတစ်ယောက်အနေနဲ့ရော၊ လူသားတစ်ယောက်အနေနဲ့ပါ မော်ရင်ဟိုကိုကျွန်တော်လေးစားပါတယ်။ ကျွန်တော့်ကို ရီးရဲလ်ရောက်အောင်ခေါ်ယူပေးခဲ့တာလည်း သူပါပဲ။ မော်ရင်ဟိုသာမရှိရင် ကျွန်တော် ရီးရဲလ်ကိုရောက်ခဲ့မှာမဟုတ်ပါဘူး။ သူနဲ့တစ်ရာသီပဲလက်တွဲခွင့်ရခဲ့တဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်"
"မော်ရင်ဟိုက ကစားသမားတွေအပေါ်မှာ အရမ်းရိုးသားပွင့်လင်းတဲ့သူပါ။ သူက အသင်းရဲ့ဝါရင့်နောက်ခံလူ ရာမို့စ်ကိုပဲဖြစ်ဖြစ် အသစ်ရောက်လာတဲ့ကစားသမားကိုပဲဖြစ်ဖြစ် တန်းတူဆက်ဆံပါတယ်။ ပြောစရာရှိရင်လည်း မျက်နှာချင်းဆိုင်ပြီး တည့်ပဲပြောပါတယ်။ အယ်လီဂရီနီကလည်း ဒီလိုပါပဲ။ ဘာကမှန်တယ်၊ ဘာကမှားတယ်ဆိုတာကို မျက်နှာချင်းဆိုင်ပြီးပြောပါတယ်။ ဘယ်နေရာမှာဖြစ်ဖြစ် ရိုးသားပွင့်လင်းမှုက အခြေခံအကျဆုံးပါပဲ" လို့ပြောကြားခဲ့ပါတယ်။
စပိန်အားကစားဂျာနယ်လစ် ဂွီလင်ဘာလာဂူရေးသားတဲ့ ရော်နယ်ဒိုရဲ့အတ္ထုပ္ပတ္တိမှာလည်း အဆိုပါအဖြစ်အပျက်ကို ရေးသားဖော်ပြထားတယ်လို့သိရပါတယ်။ ထိုစဉ်က ရော်နယ်ဒိုကလည်း "ခင်ဗျားအတွက်ကျွန်တော်အရာအားလုံးပေးဆပ်ကစားပြီးမှ ခင်ဗျားကကျွန်တော့်ကို ဒီလိုဆက်ဆံတာလား၊ ကျွန်တော့်ကို ဒီလောက်အထိပြောရအောင် ခင်ဗျားမှာဘယ်လောက်အထိ သတ္တိရှိလို့လဲ" လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ မော်ရင်ဟိုတို့ရဲ့ကွင်းပြင်ပ ဆက်ဆံရေးဟာ အမြတမ်းလိုလိုတင်းမာမှုရှိခဲ့ပေမယ့် သူတို့ ၂ ဦးအတူတူရရှိခဲ့တဲ့ ဘောလုံးလောကရဲ့အောင်မြင်မှုတွေကတော့ အခုချိန်အထိ အမှတ်ရစရာအဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။