The network connection is lost.

Banner Image

ယူနိုက်တက်မှာ ဆန်ချိုဘာကြောင့် ကျရှုံးခဲ့သလဲ ထုတ်ဖော်ပြောကြားလာတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားက ဒေါ့မွန်မှ အိုးလ်ထရက်ဖို့ဒ်သို့ သူခေါ်ယူခဲ့တဲ့ တောင်ပံကြယ်ပွင့် ဂျေဒန်ဆန်ချိုအနေနဲ့ အသင်းမှာ ဘာကြောင့်အဆင်မပြေဖြစ်ပြီး ကျရှုံးခဲ့ရသလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ်မှာ ဆန်ချိုကို ဒေါ့မွန်မှ မြင့်မားတဲ့တန်ကြေးနဲ့ခေါ်ယူခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေအနေနဲ့ ကစားသမားအပေါ် မျှော်လင့်ချက်တွေထားခဲ့ကြပေမယ့် ဆန်ချိုဟာ အသင်းမှာအသားကျဖို့ အတော်လေးရုန်းကန်ခဲ့ရပြီး နောက်ပိုင်းမှာတော့ လူစားဝင်ကစားသမားအဖြစ်တောင် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ 

သို့သော်လည်း ယခုအခါမှာ ဆိုးလ်ရှားရဲ့ပြောကြားချက်အရ အင်္ဂလန်သားအနေနဲ့ ယူနိုက်တက်မှာကျရှုံးခဲ့ရခြင်းမှာ အသင်းမှ သူထုတ်ပယ်ခံလိုက်ရတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ ဆိုးလ်ရှားဟာ ဆန်ချိုကိုခေါ်ယူပြီးနောက် အဆိုပါရာသီရဲ့ နိုဝင်ဘာလမှာပဲ ရာထူးကနေထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ပေါင် ၇၃ သန်းတန်ဆန်ချိုအနေနဲ့လည်း ဆိုးလ်ရှားမရှိတဲ့နောက်ပိုင်းမှာ ယူနိုက်တက်အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရပြီး စုစုပေါင်း ပွဲ ၈၀ ကစားပြီးချိန်မှာ ၁၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ယခုအခါမှာ ဆိုးလ်ရှားက "ကျွန်တော်တို့က ယူနိုက်တက်ကို နောက်တစ်ဆင့်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ လက်ရှိ ရှိပြီးသားပုံစံကနေရွေ့သွားတာမျိုးမဟုတ်ဘဲ ပိုထူးခြားတဲ့အခြေအနေကို ပုံဖော်ချင်ခဲ့တာပါ"

"အသင်းရဲ့တိုက်စစ်အတွက် အရေးပါမယ်လို့ယူဆရတဲ့ ဆန်ချိုတို့လိုကြယ်ပွင့်တွေကိုခေါ်ယူပြီး အရှိန်မြှင့်တင်ချင်ခဲ့ပါတယ်။ ဆန်ချိုကတိုက်စစ်မှာ အချိတ်အဆက်မိမိနဲ့ကစားတတ်ပြီး ဘောလုံးအတိုပေးပို့တဲ့အပိုင်းမှာ ထူးချွန်ပါတယ်။ ဒါပေမယ့် သူကံမကောင်းခဲ့ပါဘူး။ သူအသင်းကိုမရောက်ခင်မှာ နားထဲကိုပိုးဝင်လို့ ဆေးရုံတက်ခဲ့ရပါတယ်။ ကျွန်တော်တို့နဲ့လေ့ကျင့်ရေးမစခင် သူက ၁၀ ရက်လောက်အထိ ရုန်းကန်နေခဲ့ရတာပါ။ ဒါပေမယ့် သူပုံစံကောင်းပြန်ရဖို့ကြိုးစားနေချိန်မှာ ကျွန်တော်ကလည်း အသင်းကနေ ထွက်ခွာခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုအခါမှာတော့ ဆန်ချိုဟာ အက်စတွန်ဗီလာသို့ တစ်ရာသီအငှားစာချုပ်နဲ့ထွက်ခွာသွားပြီဖြစ်လို့ သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝအနာဂတ်ဟာ ပြီးဆုံးသွားပြီလို့ဆိုရတော့မှာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ဗီလာမှာလည်း ပုံစံကောင်းရရှိဖို့ဆက်လက်ရုန်းကန်နေရဆဲဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အရန်အဖြစ်သာပါဝင်နေရပြီး တစ်ကြိမ်မှ ပွဲထွက်ကစားခွင့်မရသေးပါဘူး။