The network connection is lost.

Banner Image

ဝက်စ်ဟမ်းနဲ့ပွဲကို ဆက်စ်ကိုနဲ့ မက်ဂွါရီတို့သာမက နောက်ထပ်ကစားသမား ၂ ဦးလွဲချော်သွားမယ်လို့ အသိပေးလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က သောကြာနေ့ဝက်စ်ဟမ်းနဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်လိဂ်ပွဲစဉ်ကို တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုနဲ့ နောက်ခံလူဟယ်ရီမက်ဂွါရီတို့ သေချာပေါက်လွဲချော်သွားမှာဖြစ်သလို၊ နောက်ထပ်ကစားသမား ၂ ဦးလည်း ထပ်မံလွဲချော်သွားနိုင်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က အသင်းရဲ့အဓိက ကစားသမား ၂ ယောက်က ဝက်စ်ဟမ်းနဲ့ပွဲကိုလွဲချော်သွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပေမယ့် သူ့ရဲ့နည်းဗျူဟာတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုခြင်းမရှိတာကြောင့် ဘယ်ကစားသမားတွေဖြစ်တယ်ဆိုတာတော့ အသိပေးခဲ့ခြင်းမရှိပါဘူး။ 

ပေါ်တူဂီသားနည်းပြက "ဝက်စ်ဟမ်းနဲ့ပွဲမှာပါဝင်ဖို့မသေချာတဲ့ ကစားသမား ၂ ယောက်ရှိနေပါတယ်။ ဒါပေမယ့် ဒီပွဲကို ကျွန်တော်တို့ရဲ့ချဉ်းကပ်ပုံ ပြောင်းလဲသွားမှာဖြစ်လို့ ဘယ်ကစားသမားတွေလဲဆိုတာတော့ မပြောတော့ပါဘူး။ သူတို့ ကြာသပတေးနေ့မှာ ပြန်ကစားနိုင်မလား စောင့်ကြည့်ရပါဦးမယ်။ မားသီးယက်စ်ကွန်ညာက အသင်းကိုပြန်ရောက်နေပါပြီး။ ဟယ်ရီနဲ့ ဆက်စ်ကိုတို့ကတော့ အနားယူနေရတုန်းပါပဲ" လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ဟာ ကွန်ညာကို ဝုဗ်မှဈေးကြီးပေးခေါ်ယူခဲ့ပြီး ကစားသမားဟာ ဒီရာသီမှာ အသင်းရဲ့တိုက်စစ်အတွက် အလွန်အရေးပါတဲ့စွမ်းဆောင်ရည်တွေပြသထားနိုင်ခဲ့ပါတယ်။ ဘရာဇီးသားဟာ ဘရိုက်တန်နဲ့ပွဲမှာ ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ဂိုးကို စတင်သွင်းယူခဲ့ပေမယ့် ဒဏ်ရာကြောင့် အဲဗာတန်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။ 

အာမိုရင်က "ကွန်ညာက ဒီထက်ပိုကောင်းဖို့လိုပါသေးတယ်။ သူက မတူညီတဲ့အသင်းသစ်၊ မတူညီတဲ့ဖိအားတွေအောက်မှာရောက်နေတာပါ။ ဂိုးမသွင်းနိုင်တဲ့အတွက် ရုန်းကန်နေရပါတယ်။ သူ့ရဲ့နံပါတ်နဲ့ပတ်သက်ပြီးတော့လည်း အရမ်းအာရုံစိုက်လွန်းပါတယ်။ ဘာပဲဖြစ်ဖြစ်သူက အသင်းအတွက်အကျိုးသက်ရောက်မှုကြီးမားတဲ့ကစားသမားပါ" လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်အာမိုရင်က ပြီးခဲ့တဲ့ပွဲစဉ် ၂ ပွဲမှာ အရန်စာရင်းထဲပါဝင်ခဲ့တဲ့ အသက်-၁၈ နှစ်အရွယ်လူငယ်ကစားသမားလေး ရှေးလေစီအနေနဲ့ အသင်းအတွက်ပါဝင်ကစားပေးရဖို့ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ အာမိုရင်က "လူငယ်ကစားသမားတွေ အသင်းကြီးအတွက်ကစားရချိန်မှာ သက်တောင့်သက်သာဖြစ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ အားပေးရပါမယ်။ ပြီး‌တော့ ကိုယ်ကာယကြံ့ခိုင်မှုအပိုင်း၊ ဖိအားရဲ့အရှိန်အဟုန်နဲ့ ဘောလုံးကစားပုံတွေက ယူ-၂၁ အသင်းတွေနဲ့ ကွာဟမှုရှိတယ်ဆိုတာလည်း ပြသထားရပါမယ်။ သူ ကစားဖို့အခွင့်အရေးရပါလိမ့်မယ်။ ဘယ်တော့ကစားရမယ်ဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး။ ဒါပေမယ့် သူကစားဖို့အဆင်သင့်ရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။