The network connection is lost.

Banner Image

ယူနိုက်တက်နည်းပြရာထူးမှ နုတ်ထွက်သွားမှာမဟုတ်ကြောင်း အခိုင်အမာပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က လိဒ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ သူဟာ ယူနိုက်တက်ကို နည်းပြတစ်ယောက်အနေနဲ့သာမက မန်နေဂျာတစ်ယောက်အနေနဲ့ပါ ပြောင်းရွှေ့လာတာဖြစ်လို့ သက်တမ်းမကုန်ဆုံးမီအချိန်အထိ ရာထူးကနေ နုတ်ထွက်သွားဖို့မရှိကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ လိဒ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်ဟာ လိဒ်ကို နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပြီး တောင်ပံကစားသမား မားသီးယက်စ်ကွန်ညာရဲ့ချေပဂိုးကြောင့် သရေတစ်မှတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 
အာမိုရင်ဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁၈ လအထိကျန်ရှိနေဆဲဖြစ်ပြီး ပွဲအပြီးမှာတော့ အိုးလ်ထရက်ဖို့ဒ်ကနေ နုတ်ထွက်တော့မယ်ဆိုတဲ့ သတင်းတွေကို တုံ့ပြန်ပြောကြားလာခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက "ကျွန်တော်နဲ့ပတ်သက်ပြီး သတင်းတွေအမျိုးမျိုးထွက်နေတာ သိပါတယ်။ ကျွန်တော် ဒီကိုလာတာ မန်ချက်စတာယူနိုက်တက်ရဲ့မန်နေဂျာတစ်ယောက်အနေနဲ့ပါ။ နည်းပြတစ်ယောက်အနေနဲ့ပဲ မဟုတ်ပါဘူး။ ဒါကရှင်းပါတယ်"

"ကျွန်တော်က တူချယ်လ် မဟုတ်သလို၊ ကွန်တီနဲ့ မော်ရင်ဟိုတို့လို နာမည်ကျော်နည်းပြတစ်ယောက်လည်းမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ယူနိုက်တက်နည်းပြပါ။ ကျွန်တော့်မှာ စာချုပ်သက်တမ်း ၁၈ လကျန်ပါသေးတယ်။ ဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်အတိုင်း အသင်းမှာဆက်နေနေတာပါ။ စာချုပ်ကုန်တဲ့အထိအသင်းမှာဆက်နေချင်ပါတယ်။ ကျွန်တော့်နေရာမှာအစားထိုးမယ့်လူ မပေါ်လာသေးသရွေ့ ကျွန်တော့်အလုပ်ကို ပုံမှန်အတိုင်းဆက်လုပ်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အာမိုရင်က "အသင်းမှာ ဌာနတွေအများကြီးရှိပါတယ်။ ကင်းထောက်ဌာနာန၊ အားကစားဒါရိုက်တာဌာန စသဖြင့်ပေါ့။ သူတို့အားလုံး ကိုယ့်အလုပ်ကိုယ်လုပ်ဖို့လိုသလို၊ ကျွန်တော်ကလည်း ကျွန်တော့်အလုပ်ကို လာမယ့် ၁၈ လအထိ ဆက်လုပ်ဖို့ပြင်ဆင်ထားပါတယ်။ ဒီနောက်ပိုင်းကျမှ ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။