ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အာရုံစိုက်သွားမယ်လို့ ပြောကြားလာတဲ့ ဖလက်ချာ
မန်ချက်စတာယူနိုက်တက်ယာယီနည်းပြ ဒါရင်းဖလက်ချာက အသင်းရဲ့ကစားသမားတွေအနေနဲ့ ယခုနှစ်ရာသီကို မဖြုန်းတီးကြဖို့နဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ တိုက်ပွဲဝင်ကြရန် တိုက်တွန်းပြောကြားလာခဲ့ပါတယ်။
အာမိုရင်ထုတ်ပယ်ခံရပြီးနောက် ဖလက်ချာဟာ ယူနိုက်တက်နည်းပြအဖြစ် ၂ ပွဲကိုင်တွယ်ခဲ့ပေမယ့် နိုင်ပွဲမရသေးဘဲ ယမန်နေ့ညက ဘရိုက်တန်နဲ့ပွဲမှာ ရှုံးနိမ့်ပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ကြားရက်က ဘန်လေနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ၂-၂ နဲ့သရေကျခဲ့တာကြောင့် ဖလက်ချာအနေနဲ့ယူနိုက်တက်ကို ရာသီကုန်အထိ ဦးဆောင်သွားနိုင်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။
လာမယ့်အပတ်မှာ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကို သူ့အနေနဲ့ ကိုင်တွယ်ခွင့်ရမလားဆိုတဲ့ မေးခွန်းကို ဖလက်ချာက "အသင်းနဲ့ ဆွေးနွေးထားတာမျိုးမရှိပါဘူး။ မနက်ဖြန်မနက် လေ့ကျင့်ရေးကွင်းကိုသွားရမယ်ဆိုတာပဲ သိထားပါတယ်။ နည်းပြသစ်ရောက်လာမယ်ဆိုတဲ့ အရိပ်အယောင်တွေလည်း မတွေ့ရသေးပါဘူး။ ကျွန်တော်တို့ရဲ့အာရုံစိုက်မှုကလည်းပြီးခဲ့တဲ့ ဘန်လေ၊ ဘရိုက်တန်တို့နဲ့ပွဲတွေမှာပဲရှိနေခဲ့တာပါ"
"ဒီအသင်းကိုဦးဆောင်ရတာ အရမ်းတာဝန်ကြီးပါတယ်။ ကျွန်တော် အစွမ်းကုန်ကြိုးစားထားပေမယ့် နိုင်ပွဲမရသေးလို့ စိတ်ပျက်မိပါတယ်။ ဘရိုက်တန်ကိုရှုံးခဲ့တဲ့အတွက်လည်း ကျွန်တော်အရမ်းဝမ်းနည်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုအခါ ယူနိုက်တက်ဟာ ပြည်တွင်းဖလားပြိုင်ပွဲ ၂ ခုစလုံးမှ ထွက်ခွာခဲ့ရပြီဖြစ်လို့ ပရီးမီးယားလိဂ်မှာအာရုံစိုက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက်ကြိုးစားကြဖို့ ဖလက်ချာက ကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။
ယာယီနည်းပြက "ကျွန်တော်တို့ဆီမှာ ဒဏ်ရာရနေတဲ့ကစားသမားတွေပြန်လာဖို့ရှိသလို၊ အာဖရိကပြိုင်ပွဲက ကစားသမားတွေလည်း ပြန်လာဦးမှာပါ။ ဒါကြောင့် အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အရည်အချင်းပြည့်မီမယ်လို့ထင်ပါတယ်။ ဒီရာသီမှာ အသင်းရဲ့နောက်ဆုံးကျန်တဲ့ရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့်ပါပဲ။ ဒါက နည်းပြတစ်ယောက်၊ ဒါရိုက်တာတစ်ယောက်နဲ့ပဲသက်ဆိုင်တာမဟုတ်ဘဲ ကစားသမားတွေအားလုံးနဲ့သက်ဆိုင်နေပါတယ်။ ဒီရာသီကိုကျွန်တော်တို့ ထပ်ပြီးတော့ ဖြုန်းတီးလို့မရတော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။