ယူနိုက်တက်မှထုတ်ပယ်ခံလိုက်ရတဲ့ အာမိုရင်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုလာတဲ့ မော်ရင်ဟို
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုက ပြီးခဲ့တဲ့တနင်္လာနေ့မှာ ယူနိုက်တက်နည်းပြရာထူးမှ ရုတ်တရက်ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြရူဘင်အာမိုရင်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို မှတ်ချက်ပြုပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ အသင်းကို ၁၄ လကြာကိုင်တွယ်ခဲ့တဲ့ အာမိုရင်ကို တနင်္လာနေ့မှာ ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ လက်ထောက်နည်းပြ ဒါရင်းဖလက်ချာကို ယာယီနည်းပြအဖြစ် အစားထိုးခန့်အပ်ထားပါတယ်။
လက်ရှိအချိန်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကိုတာဝန်ယူကိုင်တွယ်နေတဲ့ မော်ရင်ဟိုကလည်း တစ်ချိန်က ယူနိုက်တက်နဲ့အတူ ဥရောပအောင်မြင်မှုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး အသက်-၆၂ နှစ်အရွယ်ပေါ်တူဂီသားနည်းပြက အာမိုရင်ရဲ့ထုတ်ပယ်ခံရမှုနဲ့ပတ်သက်ပြီး သုံးသပ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
မော်ရင်ဟိုက "အာမိုရင်နဲ့ပတ်သက်ပြီး ဘာတွေဖြစ်ခဲ့သလဲဆိုတာ သူကိုယ်တိုင်ပဲ သုံးသပ်နိုင်ပါလိမ့်မယ်။ သူနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေ ဒါကိုလုပ်ဆောင်နိုင်ကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ သူ့ရဲ့အမြင်တွေရဲ့ သူတွေ့ကြုံခဲ့တဲ့ပြဿနာတွေကို သတင်းမီဒီယာတွေထံ ချပြမလားဆိုတာကတော့ သူ့အပေါ်မှာပဲမူတည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ယူနိုက်တက်ကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၂ ရာသီသာကိုင်တွယ်ခဲ့ပြီး ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူတစ်ယောက်လည်းဖြစ်ပါတယ်။ အာမိုရင် ယူနိုက်တက်မှထုတ်ပယ်ခံရခြင်းက အခြားပေါ်တူဂီလူမျိုးနည်းပြတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်သလားဆိုတဲ့ မေးခွန်းကိုတော့ မော်ရင်ဟိုက မရှိနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပေါ်တူဂီသားက "ဘာကြောင့်ဒီလိုအကျိုးသက်ရောက်မှုဖြစ်လာနိုင်သလဲဆိုတာ ကျွန်တော်နားမလည်ပါဘူး။ နည်းပြတစ်ယောက်ချင်းစီက ကိုယ့်အတွက်ကိုယ်ပဲ တာဝန်ယူဖြေရှင်းရမှာပါ။ ကျွန်တော့်အတွက်ကတော့ ဒါက ပေါ်တူဂီနည်းပြတွေအတွက် အကျိုးသက်ရောက်မှုရှိလာမယ်လို့ လုံးဝမခံစားရပါဘူး" လို့ပြောကြားခဲ့ပါတယ်။